အာနယ်ဆလော့အတွက် လျော်ကြေး ယူရို ၁၁ သန်းပေးချေရန် လီဗာပူးလ်နှင့် ဖီယင်နု သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း  ဗြိတိန်သတင်းဌာနများဖော်ပြ

အာနယ်ဆလော့အတွက် လျော်ကြေး ယူရို ၁၁ သန်းပေးချေရန် လီဗာပူးလ်နှင့် ဖီယင်နု သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း  ဗြိတိန်သတင်းဌာနများဖော်ပြ
Photo: Sky Sports
Photo: Sky Sports
Published 28 April 2024

 

လီဗာပူးလ်အသင်းနှင့် ဖီယင်နုအသင်းသည် ဒတ်ချ်နည်းပြဖြစ်သူ အာနယ်ဆလော့ အတွက် လျော်ကြေး ယူရို ၁၁ သန်းပေးချေရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြလျက်ရှိသည်။

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် ထွက်ခွာတော့မည့် ယာဂန်ကလော့ပ်၏နေရာကို အာနယ်ဆလော့နှင့်အစားထိုးရန် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖီယင်နုအသင်းနှင့် စတင်ဆွေးနွေးခဲ့သည်။ ၎င်းအတွက်ပေးချေရမည့် လျော်ကြေးအတွက် ကလပ်နှစ်သင်းအကြား ဧပြီ ၂၆ ရက်တွင် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြပြီး ကနဦးအဖြစ် ယူရိုကိုးသန်း (ပေါင် ၇ ဒသမ ၇ သန်း) နှင့် Add-ons ကြေး ယူရိုနှစ်သန်း (ပေါင် ၁ ဒသမ ၇ သန်း)၊ စုစု ပေါင်း ယူရို ၁၁ သန်း (ပေါင် ၉ ဒသမ ၄ သန်း) ပေးချေရမည်ဖြစ်သည်။ 

အပြောင်းအရွှေ့ ကျွမ်းကျင်သူ နာမည်ကြီး အီတလီအားကစား ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကလည်း အာနယ်ဆလော့အနေဖြင့် ရာသီကုန်တွင် ယာဂန်ကလော့ပ်၏နေရာတွင် အစားထိုး၍ လီဗာပူးလ်နည်းပြချုပ်သစ် ဖြစ်လာတော့မည်ဟု  ရေးသားဖော်ပြပြီး ကလပ်နှစ်သင်းအကြား လျော်ကြေးအတွက် သဘောတူညီမှုရရှိပြီးနောက် စာချုပ်အတွက် အသေးစိတ်ဆက်လက်ဆွေးနွေးနေကြောင်း လူမှုမီဒီယာ X တွင် ရေးသားထားသည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း  အာနယ်ဆလော့နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် "သူ့ရဲ့အသင်း ဘောလုံးကစားပုံကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်ကြားရသမျှ အားလုံးကလည်း သူက လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ပြောကြတယ်။ နည်းပြကောင်း၊ လူကောင်းဆိုတဲ့အချက်ကို ကျွန်တော် အရမ်းသဘောကျပါတယ်။ သူက ဖြေရှင်းနည်းဖြစ်မယ်ဆိုရင် အသင်းအတွက် မျှော်လင့်ထားမှာပါ။ ကြားရတာတွေအားလုံးက တကယ်ကောင်းနေလို့ ကျွန်တော်ပိုပြီး ပျော်ပါတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အလုပ်လည်းဖြစ်ပါတယ်။ သူ့အတွက် တိုးတက်ဖို့နေရာရှိနေသေးပြီး အမြင့်ဆုံးမဟုတ်သေးတဲ့ သူ့ကို လီဗာပူးလ်အသင်းက ကူညီပေးမယ့်ပုံစံမျိုး မြင်နေရပါတယ်"ဟု ဖြေကြားခဲ့သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သူ အာနယ်ဆလော့သည် ကစားသမားဘဝနှင့် နည်းပြဘဝတစ်လျှောက်လုံး နယ်သာလန်ကလပ်များတွင် ဖြတ်သန်းခဲ့သူဖြစ်ပြီး ဖီယင်နုအသင်းအား ဒတ်ချ်လိဂ်ချန်ပီယံဆု (၂၀၂၂-၂၀၂၃) နှင့် ဒတ်ချ်ဖလား (၂၀၂၃-၂၀၂၄) တစ်ကြိမ်စီ ရယူပေးထားသလို ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ (၂၀၂၁-၂၀၂၂) သို့လည်း ပို့ဆောင်ပေးထားသည်။ ၎င်း၏တိုက်စစ်အားသန်ကစားပုံ၊ ကစားသမားများအား တိုးတက်စေသည့် အရည်အသွေးမှာ လီဗာပူးလ်အသင်း အဓိက ရွေးချယ်ခဲ့သည့်အချက် ဖြစ်ဖွယ်ရှိသည်။