ကန်ဆယ်လိုနှင့် ဂျော်အိုဖေးလစ်အားခေါ်ယူနိုင်မည်ဟု လာပေါ်တာယုံကြည်နေပြီး လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့အား ဆော်ဒီလိဂ်မှ မြင့်မားသည့်ကြေးများဖြင့်ကမ်းလှမ်း

ကန်ဆယ်လိုနှင့် ဂျော်အိုဖေးလစ်အားခေါ်ယူနိုင်မည်ဟု လာပေါ်တာယုံကြည်နေပြီး လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့အား ဆော်ဒီလိဂ်မှ မြင့်မားသည့်ကြေးများဖြင့်ကမ်းလှမ်း
Photo : Getty Images
Photo : Getty Images
Published 25 March 2024

ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာက အသင်းတွင်အငှားလာရောက်ကစားနေသည့် မန်စီးတီးအသင်းမှ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို (၂၉ နှစ်)နှင့် အက်သလက်တီကိုအသင်းမှ ပေါ်တူဂီတောင်ပံကစားသမား ဂျော်အိုဖေးလစ် (၂၄ နှစ်)တို့အား အငှားသက်တမ်းကုန်ဆုံးမည့် လာမည့်နွေရာသီအပြီးတွင် ဆက်လက်ခေါ်ယူထားနိုင်မည်ဟု ယုံကြည်နေကြောင်း MD နှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေဈေး ကွက်နောက်ဆုံးရက်တွင် ကန်ဆယ်လိုနှင့် ဂျော်အိုဖေးလစ်တို့အား တစ်ရာသီအငှားစာချုပ်များဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ကစားသမားနှစ်ဦးစလုံးမှာ အသင်း၏အဓိက ကစားသမားများအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အပြီးသတ်ခေါ် ယူဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။ ဘာစီလိုနာအသင်းအနေဖြင့် စာချုပ်အရ ယင်းကစားသမားနှစ်ဦးစလုံးကို သတ်မှတ်ပြောင်းရွှေ့ကြေးများဖြင့်အပြီး သတ်ခေါ်ယူခွင့်ရှိနေသော်လည်း အသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုနှင့် လာလီဂါ၏ လစာငွေကန့်သတ်ချက်စည်းမျဉ်းများကြောင့် အပြီးသတ်ခေါ်ယူနိုင်ရန်အတွက်ဖိအားများရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာကမူ မိမိတို့အနေဖြင့် ကန်ဆယ်လိုနှင့် ဂျော်အိုဖေးလစ်တို့အား ခေါ်ယူနိုင်မည်ဟုယုံကြည်နေပြီး အနည်ဆုံးလာမည့် ၂၀၂၄-၂၅ ရာသီအထိ သက်တမ်းတိုးနိုင်ရန်စီစဉ်ထားကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။ လာပေါ်တာက "သူတို့ (ကန်ဆယ်လိုနှင့် ဂျော်အိုဖေးလစ်)အသင်းမှာ ဆက်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခြေအနေအတွက် ကျွန်တော်တို့မှာ ဂျော့ချ်မန်ဒက်စ်လိုအေးဂျင့်ရှိနေပြီး သူ့အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ ဈေးကွက်အခြေအနေတွေ၊ ငွေကြေးတွေကြောင့် လက်ရှိမှာ တိကျတဲ့အဖြေမပေးနိုင်ပေမယ့် သေချာတာကတော့ အသင်းအနေနဲ့နဲ့ ကန်ဆယ်လို နဲ့ ဂျော်အိုဖေးလစ်နှစ်ဦးစလုံးကိုအပြီးသတ်ခေါ်ယူတာ (သို့မဟုတ်) အငှားစာချုပ်သက်တမ်းတိုးမယ်ဆိုတာပါပဲ။ ဒီအတွက်လည်း အားလုံးအသင့်ပြင်ဆင်ထားပါတယ်"ဟု ဆိုခဲ့သည်။

တစ်ဖက်တွင်လည်း ဘာစီလိုနာအသင်း၏ အဓိက တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သော ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာတို့အား ဆော်ဒီပရိုလိဂ်မှ မြင့်မားသည့် ပြောင်းရွှေ့ကြေးများဖြင့်ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ Mundo Deportivo ၏ဖော်ပြချက်အရ ဆော်ဒီပရိုလိဂ်အသင်းတစ်သင်းသည် လီဝန်ဒေါစကီးအား တစ်နှစ်လစာယူရိုသန်း (၁၀၀)ဖြင့်ကမ်းလှမ်းခဲ့သော်လည်း ကစားသမားမှငြင်းပယ်ခဲ့ပြီး၊ ဆက်လက်ကမ်းလှမ်းမှုများပြုလုပ်သွားဖွယ်ရှိကြောင်းသိရသည်။ ထို့ပြင် ဆော်ဒီပရိုလိဂ်ကလပ်အသင်းအချို့ မှာ ရာဖင်ညာအား ပြောင်းရွှေ့ကြေးယူရိုသန်း (၁၀၀)ဖြင့် ကမ်းလှမ်းသွားရန်စီစဉ်နေပြီး ယခုကမ်းလှမ်းမှုကိုမူကစားသမားရောအသင်းပါလက်ခံသွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent