မန်စီးတီးနှင့်ပွဲ နောက်ဆုံးမိနစ်တွင် ပယ်နယ်တီမရခဲ့ခြင်းအတွက် ယာဂန်ကလော့ပ် ဒေါသပေါက်ကွဲခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ပယ်နယ်တီဖြစ်သည်ကို တစ်ကမ္ဘာလုံးရှိ ဘောလုံးပရိသတ်အားလုံး နားလည်ကြောင်း ဝေဖန်

မန်စီးတီးနှင့်ပွဲ နောက်ဆုံးမိနစ်တွင် ပယ်နယ်တီမရခဲ့ခြင်းအတွက် ယာဂန်ကလော့ပ် ဒေါသပေါက်ကွဲခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ပယ်နယ်တီဖြစ်သည်ကို တစ်ကမ္ဘာလုံးရှိ ဘောလုံးပရိသတ်အားလုံး နားလည်ကြောင်း ဝေဖန်
Photo: X
Photo: X
Published 11 March 2024

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် မန်စီးတီးအသင်းနှင့်ပွဲ နောက်ဆုံးမိနစ်တွင် ပယ်နယ်တီမရသဖြင့် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရသည်။

အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်နှင့် မန်စီးတီးအသင်း (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး ၂၃ မိနစ်တွင် ဂျွန်စတုန်းစ်၏ ဦးဆောင်ဂိုးသွင်းယူမှုကို မိနစ် ၅၀ တွင် မက်အယ်လစ္စတာက ပယ်နယ်တီမှတစ်ဆင့် ပြန်လည်ချေပခဲ့ခြင်းဖြစ်သည်။

ပွဲပြီးခါနီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ် (၉၀+၉ မိနစ်) တွင် မန်စီးတီးအသင်းတောင်ပံကစားသမား ဒိုကူက လီဗာပူးလ်အသင်းကွင်းလယ်လူ မက်အယ်လစ္စတာ၏ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်မိခဲ့သည်။

ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ယင်းဖြစ်ရပ်ကို ပြန်လည်စစ်ဆေးရန် VAR ဒိုင်အဖွဲ့ထံ မေးမြန်းသော်လည်း VAR ဒိုင် စတူးအပ်အက်ဝဲလ်နှင့် လက်ထောက်ဒိုင် နစ်ဟော့ပ်တန်တို့က ပယ်နယ်တီပေးခြင်းမရှိသလို မိုက်ကယ်အိုလီဗာကိုလည်း ကွင်းဘေးရှိ မော်နီတာကို ပြန်လည်ကြည့်ရှုရန် တိုက်တွန်းခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ယာဂန်ကလော့ပ်က ''ဒါက ၁၀၀ ရာခိုင်နှုန်း ပယ်နယ်တီပေးရမှာပါ။ သူတို့ (ဒိုင်လူကြီးတွေ) အနေနဲ့ ဖြေရှင်းချက်ပေးဖို့ လုပ်ရမှာပါ။ ကွင်းထဲမှာရှိတဲ့ ဘယ်နေရာကပဲကြည့်ကြည့် ဒါက ၁၀၀ ရာခိုင်နှုန်း ပြစ်ဒဏ်ဘောပေးရမယ့် အခြေအနေဖြစ်ပြီး အဝါကတ်ပြရမှာပါ။ သူ (ဒိုကူ) က ဘောလုံးကို ထိခဲ့တယ်။ ဒါပေမဲ့ သူက ဘောလုံးကိုထိတယ်ဆိုတာ သူ့ရဲ့ခြေထောက်က အဲဒီနေရာမှာရှိနေလို့ပါ။ အဲဒီနေရာမှာ ဘောလုံးသာမရှိရင် သူ့ (အယ်လစ္စတာ) ကို သတ်မိမှာပါ။ ဒါက လွယ်လွယ်လေးပါ။ ကမ္ဘာပေါ်က ဘောလုံးအကြောင်းသိတဲ့သူအားလုံး ဒါက ပယ်နယ်တီဆိုတာ သိပါတယ်။ VAR အခန်းထဲ ရှိနေသူက အဲဒါကို ဘာကြောင့် ရှင်းရှင်းလင်းလင်းနဲ့ သိသိသာသာမဖြစ်ဘူးလို့ ထင်နေရတာလဲ။ သူ နေ့လယ်စာ စားခဲ့ရဲ့လား။ ကျွန်တော် ဒေါသထွက်နေတာ မဟုတ်ပါဘူး။ ဒါက အခြေအနေတစ်ခုပါပဲ။ အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် အရေးကြီးဆုံးက ကျွန်တော်တို့ ဒီလိုမျိုး ဘောလုံးကိုကစားနိုင်ဖို့ပါပဲ။ ဒီနေ့မှာ ရင်ခုန်စရာစွမ်းဆောင်ရည် အများကြီးကိုလည်း ကျွန်တော်တွေ့ခဲ့ရတယ်'' ဟု ဝေဖန်ပြောကြားသည်။

ထို့ပြင် ၎င်းက ''ဒါက ပယ်နယ်တီမဟုတ်တဲ့အကြောင်း တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောလိမ့်မယ်။ ဒါမှမဟုတ် ဟောင်းဝပ် (ဒိုင်အဖွဲ့ဥက္ကဋ္ဌ) က မနက်ဖြန်မှာ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး သူစိတ်မကောင်းဖြစ်ကြောင်း ပြောလိမ့်မယ်'' ဟု ဆက်လက်ပြောကြားသည်။

လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် တစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဂိုးကန်သွင်းမှု ၁၉ ကြိမ်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မန်စီးတီးနှင့် ပရီးမီးယားလိဂ် တွေ့ဆုံမှုများတွင် အများဆုံးရရှိခြင်းဖြစ်သည်။

 

Most Read

Most Recent