ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ဆိုးရွားသည့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ဆိုးရွားသည့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ
Published 9 May 2024

ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် ဆိုးရွားသည့် ရေလွှမ်းမိုးမှုများကြောင့် မေ ၈ ရက်တွင် သေဆုံးသူအရေအတွက် ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသည့် ဒါဇင်နှင့် ချီသည့် လူများကို ရှာဖွေမှုများသည် မုန်တိုင်းတိုက်ခတ်မှုများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု ဆိုသည်။

ဘရာဇီး၏ ရီယို ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေလွှမ်းမိုးမှုသည် မြို့နယ် ၄၀၀ ခန့်ကို သက်ရောက်ခဲ့ပြီး လူပေါင်း ရာချီ ဒဏ်ရာရခဲ့ကာ လူပေါင်း ၁၆၀၀၀၀ ကျော် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

လူအများစုသည် သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားများ ပြတ်လပ်နေပြီး နေရာအများအပြားတွင် ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေမှုနှင့်အတူ အကူအညီတောင်းခံရန်ပင် ခက်ခဲလျက်ရှိ သည်။

လူသေဆုံးမှုအရေအတွက်သည် မြင့်တက်လာနိုင်ခြေရှိပြီး ပေါ်တိုအလီဂရီနှင့် အခြားမြို့များ၊ မြို့နယ်များတွင် အရေးပေါ်အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အီဒူရာဒို လိုင်တီက သတိပေးခဲ့သည်။

စစ်သားများ၊ မီးသတ်သမားများ၊ စေတနာ့ဝန်ထမ်း ၁၅၀၀၀ သည် လှေများ၊ ရေလွှာလျောစီးယာဉ်များကို အသုံးပြုပြီး ကယ်ဆယ်ရေးများကို လုပ်ဆောင်လျက်ရှိသည်။

ပေါ်တို အလီဂရီမြို့တော်တွင် မေ ၈ ရက်က မိုးများပြန်လည်ရွာသွန်းခဲ့သဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသည့် အားထုတ်ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့သည်။

လေပြင်းတိုက်ခိုက်မှု တစ်နာရီလျှင် ၈၀ ကီလိုမီတာရှိပြီး မိုးကြိုးပစ်မှုများကြောင့် ဓာတ်လိုက်မည့် အန္တရာယ်များရှိနေသဖြင့် ကယ်ဆယ်ရေးလှေများအနေဖြင့် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ဆိုင်းငံ့ရန် မြို့တော်ဝန်ရုံးက ထုတ်ပြန်ခဲ့သည်။

မြေပြိုမှုများနှင့် ကျန်းမာရေးအန္တရာယ်များကြောင့် ပြည်သူအများအနေဖြင့် ရေလွှမ်းမိုးနေသည့် ၎င်းတို့၏ သက်ဆိုင်ရာမြို့များကို မပြန်ကြရန်လည်း အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

“သန့်ရှင်းမှုမရှိတဲ့ ရေတွေက ရောဂါတွေကူးစက်ဖြစ်ပွားစေနိုင်ပါတယ်”ဟု မြို့ပြကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူ ဆက်ဘရီနာ ရီဘက်စ်က မေ ၈ ရက်တွင် သတိပေးခဲ့သည်။

ပြည်နယ်တစ်ဝန်းရှိ မြို့အများအပြား၌ ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ကာ အုပ်ချုပ်ရေးမှူး လိုင်တီက ရီယိုဂရန်ဒီဒိုဆူလ်၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသဘာဝဘေးအန္တ ရာယ်တစ်ခုအဖြစ် ပြောကြားခဲ့သည်။

ဒေသခံအများစုသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွဲခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရချိန်တွင် လူမနေတော့သည့် အိမ်များအတွင်းပစ္စည်းများကို ဝင်ရောက်ခိုးယူမှုများရှိနေသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေလွှမ်းမိုးမိုးမှုများကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံးများနှင့် မြူနီစပယ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၆၉ သန်း ရှိခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လမ်းများ၊ တံတားများ၊ လူနေအိမ်များနှင့် အလုံးစုံ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိခဲ့သည်ဟု အာဏာပိုင်များက ခန့်မှန်းခဲ့သည်။

ရီယိုဒီ ဂရန်ဒီ ဒိုဆူလ်ပြည်နယ်တွင် ရေလွှမ်းမိုးမှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးစား အစီအစဉ်တစ်ခု လိုအပ်လိမ့်မည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အီဒူရာဒို လိုင် တီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent