မိမိတို့ ဖလားသုံးလုံးရနိုင်သည့် အခွင့်အရေးရှိနေပြီး မိမိကစားသမားများသည် ဖလားသုံးလုံးအောင်ပွဲနှင့် ထိုက်တန်သူများဖြစ်သည်ဟု အလွန်ဆို ပြောကြား

မိမိတို့ ဖလားသုံးလုံးရနိုင်သည့် အခွင့်အရေးရှိနေပြီး မိမိကစားသမားများသည် ဖလားသုံးလုံးအောင်ပွဲနှင့် ထိုက်တန်သူများဖြစ်သည်ဟု အလွန်ဆို ပြောကြား
Photo: X
Photo: X
Published 20 May 2024

လေဗာကူဆင်အသင်း၏နည်းပြ ရှာဘီအလွန်ဆိုက မိမိတို့အသင်းသည် ဖလားသုံးလုံးရနိုင်သည့် အခွင့်အရေးရှိနေပြီး မိမိကစားသမားများမှာလည်း ဖလားသုံးလုံးအောင်ပွဲနှင့် ထိုက်တန်သူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

လေဗာကူဆင်အသင်းသည် ယခုရာသီတွင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ချန်ပီယံဆုရရှိခဲ့သလို၊ ယူရိုပါလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ တက်ရောက်ထားသည်။

အဆိုပါဗိုလ်လုပွဲနှစ်ပွဲကို ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေ(၂၂)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂျာမန်ဖလားဗိုလ်လုပွဲကို မေ(၂၅)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ကြောင့် ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်မည်ဟု ယုံကြည်မှုရှိသော်လည်း အချိန်လုံလောက်စွာ မရရှိကြောင်းလည်း အလွန်ဆိုက ညည်းတွားခဲ့သည်။

အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် မေးမြန်းမှုကို အလွန်ဆိုက ''ဗိုလ်လုပွဲရောက်ရှိတဲ့အတွက် ပျော်ရွှင်ပါတယ်။ တစ်ပတ်အတွင်းမှာ ကျွန်တော်တို့ ဗိုလ်လုပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။ ရိုးမားအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်မှာတော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာကို ပြသခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေရဲ့ မျက်လုံးထဲမှာ သူတို့ ဒီထက်ပိုပြီး လိုချင်နေတယ်ဆိုတာ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဖလားသုံးလုံး ရယူနိုင်တဲ့ အခွင့်အရေးရှိနေပြီး ကျွန်တော့်ကောင်လေးတွေကလည်း အဲဒါနဲ့ ထိုက်တန်ပါတယ်''ဟု ပြောကြားခဲ့သည်။

အလွန်ဆိုသည် ယခုရာသီတွင် လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ၌ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်သည့်အတွက် ၎င်းအနေဖြင့် ဖလားသုံးလုံးအောင်ပွဲကို ရယူပေးနိုင်လိမ့်မည်ဟု ပရိသတ်အများစုကလည်း ယုံကြည်နေသည်။

လေဗာကူဆင်အသင်းသည် လက်ရှိအချိန်၌ ပြိုင်ပွဲစုံ (၅၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားခြင်းဖြစ်ပြီး အဆိုပါပွဲအရေအတွက်မှာ ဥရောပဘောလုံးလောကတွင် စံချိန်သစ်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ရှုံးပွဲမရှိရလဒ်ဖြင့် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမှာလည်း ပြိုင်ပွဲ၏သမိုင်းတစ်လျှောက် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ယင်းအတွက် အလွန်ဆိုက အလွန်ဂုဏ်ယူမိကြောင်းလည်း ပြောကြားခဲ့သည်။

''ဂျာမနီမှာသာမက ဥရောပမှာပါ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ မယုံနိုင်စရာ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိရလဒ်နဲ့ အမှတ်(၉၀) ရယူနိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ ရှုံးပွဲမရှိ ဆက်လက်ဖြတ်သန်းနိုင်ဖို့ အချိန်လိုအပ်ပါတယ်။ ဒါပေမဲ့ အချိန်မရှိပါဘူး။ နောက်ထပ်ကြီးမားတဲ့ ပန်းတိုင်အတွက် ကစားရတော့မှာပါ''ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

Most Read

Most Recent