■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Published 14 June 2024

■ အုပ်စု (D)

■ ပြင်သစ်

- သမိုင်းကြောင်း

ပြင်သစ်အသင်းသည် ယူရိုပြိုင်ပွဲတွင် ၁၉၈၄ နှင့် ၂၀၀၀ ပြည့်နှစ်များက ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။ ၁၉၉၂ ပြိုင်ပွဲကတည်းက ယူရိုပြိုင်ပွဲကို ၈ ကြိမ်ဆက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုက လှည့်ပြန်ရမှုမှာနှစ်ကြိမ်အထိ ရှိခဲ့သည်။  အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယသာရခဲ့ခြင်းမှာ ပြင်သစ်အသင်းအတွက် ခေတ်တစ်ခေတ်၏အစ တာထွက်မကောင်းခဲ့ခြင်းဖြစ်သည်။ ယူရိုချန်ပီယံဆုနှင့်ဝေးကွာနေသည်မှာလည်း ဆယ်စုနှစ်နှစ်ခုကျော် ရှိလာခဲ့သည်။ သို့သော် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီး မေဂျာပြိုင်ပွဲ နောက်ဆုံးလေးပွဲတွင် ဖိုင်နယ် သုံးကြိမ်တက်နိုင်မှုက ပြင်သစ်အသင်း၏ အင်အားကို ပြသနေသည်။ စပိန်ကဲ့သို့ ခေတ်တစ်ခေတ်ကို မတည်ဆောက်နိုင်သော်လည်း ယင်းသို့လုပ်ပြနိုင်သည့် ကစားသမားစုဖွဲ့မှုမျိုး ပြင်သစ်အသင်းမှာရှိသည်။

- လက်ရှိအခြေအနေ

ပြင်သစ်အသင်းက ချန်ပီယံ ရေပန်းစားမှုတွင် အင်္ဂလန်အသင်း၏နောက်တွင် ရှိနေသည်။ သို့သော် နေရာလိုက်ချင်း ယှဉ်လျှင် ပြင်သစ်အသင်းက ပိုတောင့်တင်းနိုင်သည်ဟု ပြောနိုင်သည်။ နည်းပြ ဒေးရွှမ့်၏ပွဲထွက် Line-up ကို ဖြစ်နိုင်ခြေအရှိဆုံး မှန်းဆနိုင်သော်လည်း ခြေစွမ်းမကွာသည့် အရန်တွေကလည်း နေရာတိုင်းတွင် ရှိနေသည်။ မတ်လက ခြေစမ်းပွဲများတွင် ၄-၃-၃ ကစားခဲ့သော်လည်း ဂရီးဇ်မန်းရှိလျှင် ၄-၂-၃-၁ ကိုပင် သုံးနိုင်သည်။ ပြင်သစ်အသင်းတိုက်စစ်က ဘာပေနှင့် ဂရီးဇ်မန်းကို တည်ထားပြီး ဂျရူးမရှိတော့မည့် အနာဂတ်အတွက် မားကပ်စ်သူရမ်ကို Flase 9 ပုံစံ အသုံးပြုနေတာက အတန်အသင့် အောင်မြင်နေသည်။ တောင်ပံတစ်နေရာအတွက် အူစမန်ဒမ်ဘီလီ၊ မူအာနီနှင့် ကိုးမန်း အပြိုင်လုရဖွယ်ရှိသည်။ ကွင်းလယ်နှင့် ခံစစ်တွင်မူ သီယိုဟာနန်ဒက်ဇ်သာ ဂဏန်းငြိမ်သည့် အနေအထား ရှိသည်။

            

- အုပ်စုအလားအလာ

ပြင်သစ်အသင်းသည် အုပ်စုတွင်းတွင် နယ်သာလန်၊ ပိုလန်၊ သြစတြီးယားအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် အတော်သတိထားရမည့် အနေအထားဖြစ်သည်။ ပြိုင်ဘက် နယ်သာလန်အသင်းနှင့်က ယခုနောက်ပိုင်း မကြာခဏဆုံတွေ့နေပြီး နောက်ဆုံး ၈ ပွဲတွင် ၇ ပွဲအထိ အနိုင်ရပြီး တစ်ပွဲသာ အရေးနိမ့်ခဲ့သည်။ ပိုလန်နှင့် သြစတြီးယားအသင်းများကလည်း ၂၀၂၀ ပြိုင်ပွဲတွင် ဆွစ်ဇာလန်ဒုက္ခပေးသွားသကဲ့သို့ လုပ်နိုင်စွမ်းရှိသည်။ အုပ်စုတွင်း အဓိကပြိုင်ဘက် နယ်သာလန်နှင့် ဒုတိယပွဲကျမှ တွေ့ဆုံနေပြီး အဖွင့်ပွဲ အခြေအနေကောင်းလျှင် အုပ်စုတွင်း ပထမနေရာ ရယူနိုင်ရေး ယုံကြည်ချက် ပိုရှိသွားနိုင်သည်။ လက်ရှိခြေစွမ်းနှင့် ပြင်သစ်အသင်းက အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့်တက်နိုင်သည့် အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားသည်။

■ နယ်သာလန်

ယူရိုပြိုင်ပွဲများတွင် နယ်သာလန်အသင်းက တစ်ကြိမ်သာ ဗိုလ်စွဲထားသော်လည်း ပြိုင်ပွဲတိုင်း လေးစားခံရသည့်အသင်း ဖြစ်ခဲ့သည်။ ၁၉၈၈ ကတည်းက ၂၀၁၆ ပြိုင်ပွဲမှအပ ပြိုင်ပွဲတိုင်းဝင်ပြိုင်ခဲ့ပြီး အုပ်စုက ထွက်ရမှုမှာ တစ်ကြိမ်သာ ရှိခဲ့သည်။ နည်းပြ ရော်နယ်လ်ကိုးမန်းက ပထမတစ်ကြိမ်ကိုင်တွယ်စဉ်မှာ မေဂျာ ပြိုင်ပွဲနှစ်ပွဲဆက် ခြေစစ်ပွဲမအောင်မြင်မှုကို အဆုံးသတ်ပေးခဲ့သူဖြစ်သည်။ ကိုးမန်းအနေဖြင့် ယခု ယူရိုပြိုင်ပွဲတွင်မှ ပြိုင်ပွဲကြီးတစ်ပွဲကို စတင်တာဝန်ယူရခြင်းဖြစ်သည်။ ဗန်ဒိုက်၊ ဒီလစ်၊ ဒီဗရိုင်းတို့အပြင် ဗန်ဒန်ဗန်နှင့် ဖရင်ပေါင်ပါ ပါဝင်လာသည့် ခံစစ်စုဖွဲ့မှုက အသင်းကြီးအချို့ထက်ပင် သာလွန်သည့် အင်အားရှိသည်။ သို့သော် ဒီရွန်း နာသွားသည့် ကွင်းလယ်၊ ဂက်ပို၊ ဒီပိုင်း တို့ကစား မည့် ဒုတိယတန်းစားတိုက်စစ်ကြောင့် ထိပ်သီးပြိုင်ဘက်များနှင့်ယှဉ်လျှင် အရှိန်အဝါ လျော့ကျနေသည်။ နယ်သာလန်အသင်းအတွက် အုပ်စုကျပ်သည်ဟုပင် ပြောနိုင်သည်။ ပိုလန်၊ သြစတြီးယားအသင်းနှင့်ပွဲများတွင် အမှားအယွင်းမရှိမှ နယ်သာလန်အသင်းအတွက် အုပ်စုဒုတိယနေရာ သေချာမည်ဖြစ်သည်။

■ သြစတြီးယား 

ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက် အပါအဝင် နောက်ဆုံးလေးကြိမ်တွင် သုံးကြိမ် ဝင်ရောက်ဆင်နွှဲထားမှုက သြစတြီးယားအသင်း၏ ယူရိုသမိုင်းဖြစ်သည်။ ယခင်ပြိုင်ပွဲများတွင် ပထမဆုံးပြိုင်ပွဲနှစ်ခုက အုပ်စုအဆင့်မှထွက်ခဲ့ရပြီး ၂၀၂၂ ပြိုင်ပွဲတွင် ၁၆ သင်းအဆင့် တက်ရောက်ပြီးမှ ချန်ပီယံ အီတလီကို အချိန်ပိုတွင် အရေးနိမ့်ခဲ့ရသည်။ ဘိုင်ယန်မြူးနစ်အသင်းကို ငြင်းပယ်ခဲ့သည့် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ရန်းညက်၏အသင်းက ယူရိုခြေစစ်ပွဲတွင် ဆွီဒင်ကိုကျော်ဖြတ်ကာ ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အသင်းခေါင်းဆောင် အလာဘာ ဒဏ်ရာကြောင့် မပါဝင်နိုင်တော့သည်က ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။ သို့သော် ဘွန်ဒစ်လီဂါအခြေစိုက် အများအပြားနှင့် ဖွဲ့စည်းထားသည့် လူစာရင်းက မာကျောမှုရှိမည်မှာ သေချာသည်။ ပိုလန်နှင့်ပွဲက သြစတြီးယား၏ရှေ့ခရီးအတွက် အရေးကြီးနေပြီး အကောင်းဆုံး တတိယနေရာအတွက် အဆုံးအဖြတ်ပေးနိုင်သည်။

■ ပိုလန်

ပိုလန်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲကို နောက်ဆုံးငါးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ယင်းမတိုင်မီ ပြိုင်ပွဲများတွင်မူ ခြေစစ်ပွဲ မအောင်မြင်သောကြောင့် လွဲချော်ခဲ့ရသည်။ ပြီးခဲ့သည့် ပြိုင်ပွဲလေးကြိမ်တွင် ၂၀၁၆ ပြိုင်ပွဲ တစ်ကြိမ်သာ ကွာတားရောက်ခဲ့ပြီးကျန်သုံးကြိမ်တွင် အုပ်စုမှလှည့်ပြန်ခဲ့ရသည်။ လီဝန်ဒေါစကီး၊ ဆဇက်စနီ၊ ကိရောအပါအဝင် ကစားသမားကောင်းအချို့ ရှိနေသည့်အသင်းက ယခုနှစ် အပိုင်းအခြားအတွင်း ရုန်းကန်နေရသည် က စိတ်ပျက်စရာကောင်းလှသည်။ ယူရိုခြေစစ်ပွဲတွင် အယ်လ် ဘေးနီးယား၊ ချက်အသင်းများနောက် တတိယနေရာသာ ရခဲ့ပြီး Nations Legaue မှ Play-off ကစားခွင့်ကြောင့် ခြေစစ်ပွဲ အောင်မြင်လာခြင်းလည်းဖြစ်သည်။ ယင်းအနေအထားများကြောင့် ပိုလန်ကို ယခုအုပ်စုအတွင်း အခွင့်အရေးအနည်းဆုံးအဖြစ်သာ သတ်မှတ်ထားပြီး အကောင်းဆုံးတတိယနေရာသာ အမြင့်ဆုံးရရှိနိုင်မည်ထင်သည်။

Most Read

Most Recent