လိုတိုရှင်းစီးပွားရေးသုတ (၁၁၁-၁၁၆ )

လိုတိုရှင်းစီးပွားရေးသုတ (၁၁၁-၁၁၆ )
Published 30 June 2024

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၁)

အော့ဖ် ရှိုး (Offshore) 

    အော့ဖ်ရှိုး (Offshore) ဝေါဟာရသည် “ကုန်းမြေပေါ်တွင်”၊ “ကမ်းလွန်” စသည်ဖြင့် အဓိပ္ပာယ်ရပြီး  စီးပွားရေး၊ ကုန်သွယ်ရေးအကြောင်းများ ဖော်ပြရာတွင်မူ မတူညီသော အခွန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများရှိသည့် နိုင်ငံတစ်ခုတွင် အခြေပြုခြင်းဟူသည့် အဓိပ္ပာယ်ဟုလည်းဆိုသည်။ လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုသည် ၎င်းတို့အခြေပြုထားသည့် နိုင်ငံနှင့် အခွန်အကောက်စနစ်များ မတူသော၊ အထူးသဖြင့် ပိုမိုနိမ့်ကျသော အခွန်အကောက်နှုန်းထားများရှိသည် သို့မဟုတ် လုံးဝအခွန်အကောက်မရှိသည့် နိုင်ငံများတွင် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေရန် သွားရောက်အခြေချလုပ်ကိုင်ကြသည့်အခါ အသုံးပြုလေ့ရှိသည့် စကားလုံးဖြစ်သည်။ ဥပမာ နိုင်ငံရပ်ခြားဘဏ်လုပ်ငန်း (offshore banking) နိုင်ငံရပ်ခြား အင်ဂျင်နီယာလုပ်ငန်း (offshore engineering) စသဖြင့် ရှိကြသည်။  

    တစ်နည်းအားဖြင့် အော့ဖ်ရှိုး (offshore) ဝေါဟာရသည် အခွန်အကောက်များ အလွန်နိမ့်သော၊ လုံးဝအခွန်အကောက်မရှိသော နိုင်ငံများ၊ တစ်နည်းဆိုရလျှင် အခွန်ကင်းလွတ်သည့်နယ်မြေများကို ရည်ညွှန်းလေ့ရှိသည်။ ထိုဒေသများသည် အထူးသဖြင့် နယ်မြေဧရိယာသေးငယ်သော၊ ချမ်းသာကြွယ်ဝသော တိုင်းပြည်များဖြစ်ကြပြီး လျှို့ဝှက်သည့်သဘောလည်းရှိကြသည်။ ထိုနိုင်ငံများသည် ဘဏ္ဍာရေးသတင်းအချက်အလက်များနှင့် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းကို ကာကွယ်ထားလေ့ရှိသည်။ ထိုနိုင်ငံများတွင် နိုင်ငံသားမဟုတ်သူများကို အခွန်တိမ်းရှောင်နိုင်ရန်၊ ငွေစုဆောင်းနိုင်ရန် ၎င်းတို့နိုင်ငံပိုင်နယ်နမိတ်များအတွင်း လုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်စေရေး အားပေးအားမြောက်ပြုလုပ်လေ့ရှိသည်။ 

    အကျိုးတူရန်ပုံငွေများ၊ ဘဏ်လုပ်ငန်းများ၊ အသက်အာမခံလုပ်ငန်းများနှင့် ပင်စင်ရန်ပုံငွေများ စသဖြင့် ဆွဲဆောင်မှုရှိသော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ဒေသတွင်းအလုပ်အကိုင်များနှင့် ကျွမ်းကျင်မှုများလွှဲပြောင်းပေးခြင်းများ တိုးတက်မှုရှိလာနိုင်သည်ဟု ဆိုကြသည်။ သို့သော် ဝေဖန်သုံးသပ်သူများက ချမ်းသာကြွယ်ဝသောကုမ္ပဏီများ၊ စီ:ပွားရေးလုပ်ငန်းရှင်များသည် ဒေါ်လာသန်းပေါင်းများစွာကို အခွန်အဖြစ်မပေးဆောင်ဘဲ ရှောင်တိမ်းနေကြသဖြင့် လူ့အဖွဲ့အစည်းအတွက်  တာဝန်ရှိသည့်ကိစ္စရပ်များကို ရှောင်လွှဲနေကြသည်ဟုလည်း ထောက်ပြနေကြသည်။     

ဝေါဟာရများ

အခွန်နှုန်းနိမ့်သော၊ အခွန်လုံးဝမရှိသောနိုင်ငံများ=tax heavens   

ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်း=Lack of transparency   

အခွန်များတိမ်းရှောင်ရန်=to avoid taxes

ဘဏ္ဏာရေးသတင်းအချက်အလက်များ=financial information 

လူ့အဖွဲ့အစည်းအတွက်တာဝန်ရှိမှု=responsibility to society           

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၂)

ပို့ကုန်ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (export-led development)

            ပို့ကုန်ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပို့ကုန်တင်ပို့မှုမှရရှိသော ဝင်ငွေဖြင့် တိုင်းပြည်စီးပွားရေး တိုးတက်မှုရရှိအောင် အားထုတ်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ပို့ကုန်ကဏ္ဍမှ ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (export-led strategy) ကျင့်သုံးပြီဆိုပါက နိုင်ငံတကာ ကုန်သွယ်ရေးသည် နိုင်ငံ့စီးပွားရေးတွင် အဓိကဇာစ်မြစ်ဖြစ်လာသည်။ ပို့ကုန်ဦးစားပေး စီးပွားရေးဖွံ့ဖြိုးမှုပေါ်လစီအသုံးပြုပါက နိုင်ငံတစ်နိုင်ငံသည် သမားရိုးကျ လွတ်လပ်သော ကုန်သွယ်ရေးပေါ်လစီ (simple free-trade policy) ထက် နိုင်ငံတကာစျေးကွက်များအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအတွက် အားကောင်းသော 

မူဝါဒဆိုင်ရာအထောက်အပံ့များ လုပ်ဆောင်ပေးရန်လည်း လိုအပ်လာသည်။  

             ပို့ကုန်ဦးစားပေး စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာ ကျင့်သုံး၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့သည့် အအောင်မြင်ဆုံး ဥပမာများကိုပေးရလျှင် အာရှဒေသတွင်း ရှိ အရှေ့အာရှကျားများ (East Asian Tigers) ဟုခေါ်ကြသည့်  တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့ကို ညွှန်ပြနိုင်သည်။ အာရှကျားနိုင်ငံများသည် နိုင်ငံတွင်း၌ ကုန်ကျစရိတ်သက်သာသည့် စက်မှုလုပ်ငန်းများစွာ ဖန်တီး၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပို့ကုန်များ (competitive exports) ကို ကမ္ဘာ့စျေးကွက်များသို့ တင်ပို့နိုင်ခဲ့ကြပြီး နိုင်ငံဝင်ငွေများမြင့်မားလာကာ လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးမှုရရှိလာခဲ့ကြခြင်းဖြစ်သည်။

          များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသစ်ထူထောင်ခါစ လုပ်ငန်းများအနေဖြင့် အခြေတကျထူထောင်ပြီးဖြစ်သည့် နိုင်ငံတကာမှလုပ်ငန်းများနှင့် ယှဉ်ပြိုင်၍ ထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရေးမှာ အခက်အခဲများစွာရှိပေသည်။ ထို့ကြောင့် ပို့ကုန်ဦးစားပေးပေါ်လစီကျင့်သုံး၍ အောင်မြင်မှုရရှိခဲ့သော နိုင်ငံများ၏အတွေ့အကြုံကို ကမ္ဘာက အံ့သြကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့သည် စက်မှုကုန်ချောထက် ကုန်ကြမ်းပို့ကုန်များတင်ပို့မှုအပေါ် အများအားဖြင့် မှီခိုနေကြရသည်။ ကုန်ကြမ်းပို့ကုန်များ၏ စျေးနှုန်းမှာတည်ငြိမ်မှုနည်းသည့် သဘာဝရှိသောကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းကို ကောင်းမွန်စွာ ထောက်ပံ့နိုင်စွမ်းမရှိပေ။ 

ဝေါဟာရများ

ပို့ကုန်ဦးဆောင်သည့် မဟာဗျူဟာ=export-led strategy  

သမရိုးကျ လွတ်လပ်သော ကုန်သွယ်ရေးပေါ်လစီ=simple free-trade policy 

အရှေ့အာရှကျားများ=East Asian Tigers  

ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပို့ကုန်များ=competitive exports  

ကုန်ကြမ်းပို့ကုန်များ=raw material exports  

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၃) 

အိုင်အက်စ်အိုင် (ISI)

အိုင်အက်စ်အိုင်ဆိုသည်မှာ Import Substitution Industrialization ကို အတိုကောက်ယူ၍ ခေါ်ထားခြင်းဖြစ်သည်။ သွင်းကုန်အစားထိုး စက်မှုကဏ္ဍ ထူထောင်ခြင်းဟု အဓိပ္ပာယ်ရသည်။  နိုင်ငံတွင်းသို့ဝင်ရောက်လာမည့် သွင်းကုန်များကို ဟန့်တားထားလျက် ပြည်တွင်းစက်မှုလုပ်ငန်းများ မြှင့်တင်မှုနည်းလမ်းဖြင့်  နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ချဉ်းကပ်ခြင်းဖြစ်သည်။ အိုင်အက်စ်အိုင်ဖြစ်စဉ်သည် ၁၉၃၀၊ ၁၉၄၀ ပြည့်နှစ်များအတွင်း စီးပွားရေးပျက်ကပ်များနှင့် စစ်ပွဲများ ဖြစ်ပွားနေချိန်   နိုင်ငံများကြားကုန်သွယ်မှုများ ရပ်ဆိုင်းသွားသောအခြေအနေတွင် စတင်ထွန်းကားလာခဲ့သည်။   

    နောက်ပိုင်းတွင် အိုင်အက်စ်အိုင်နှင့်သက်ဆိုင်သည့် လုပ်ကိုင်ဆောင်ရွက်မှုများကို နိုင်ငံအချို့၌ အားပေးမှုများ လုပ်ဆောင်မှုများရှိသည်ကို တွေ့ခဲ့ရသည်။ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံများဖြစ်သည့် အာဂျင်တီးနား၊ ဘရာဇီးလ်နှင့် မက္ကစီကိုတို့တွင်အိုင်အက်စ်အိုင်အစီအစဉ် အကောင်အထည်ဖော်မှုများ ရှိခဲ့သည်။ အိုင်အက်စ်အိုင် အကောင်အထည်ဖော်နိုင်ရေးအတွက် အကောက်ခွန်များ၊ အစိုးရအထောက်အပံ့များ၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ခပေါ်လစီများကို အသုံးပြုခဲ့ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

    အိုင်အက်စ်အိုင်အစီအစဉ်ကို အခြေခံကျသော လုပ်ဆောင်မှုမှာ ပြည်တွင်းသို့ဝင်ရောက်လာမည့် သွင်းကုန်များကို တားဆီးခြင်းဖြင့်လည်းကောင်း၊  ပြည်တွင်း စက်မှုလုပ်ငန်းများကို ထောက်ပံ့ကူညီခြင်းဖြင့်လည်းကောင်း အကောင်အထည်ဖော်တတ်ကြသည်။ ထိုလုပ်ဆောင်မှုကြောင့် နိုင်ငံခြားလုပ်ငန်းများအတွက် အဟန့်အတားဖြစ်စေခြင်း၊ ကုန်ကျစရိတ်ကြီးမားလာခြင်းတို့ဖြစ်ပေါ်ကာ မျက်နှာပေးခြင်းခံရသော ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်သည်ဟုယူဆခဲ့ကြသ    အစိုးရကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊ လုပ်ခလစာများ တိုးမြှင့်ပေးခြင်းတို့သည် စီးပွားရေးအဆောက်အအုံအတွင်း ဝယ်လိုအားတိုးမြင့်လာစေကာ ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာစေပြီး ထိုမှတစ်ဆင့် ပြည်တွင်းစက်မှုကဏ္ဍအခြေအနေကို အားကောင်းလာစေနိုင်သည်ဟုဆိုသည်။ အိုင်အက်စ်အိုင်အစီအစဉ်သည် ကနဦးအစ၌ အောင်မြင်မှုများရရှိခဲ့သော်လည်း ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များတွင် အဆက်မပြတ်ဖြစ်ပေါ်ခဲ့သော စီးပွားရေးတုံ့ဆိုင်းမှုများနှင့် ငွေကြေးဖောင်း ပွမှု အခြေအနေများကြောင့် နောက်ပိုင်းကာလများတွင် အသုံးပြုမှုနည်းသွားခဲ့သည်။    

ဝေါဟာရများ

သွင်းကုန်အစားထိုး စက်မှုကဏ္ဍထူထောင်ခြင်း=Import Substitution Industrialization         

စီ:ပွားရေးပျက်ကပ်များ=depression   

အစိုးရရင်းနှီးမြှုပ်နှံမှု=state investment      

လုပ်ခပေါ်လစီ=wage policy      

အဆက်မပြတ်ဖြစ်ပေါ်သော စီးပွားရေးတုံ့ဆိုင်းမှု=persistent  stagnation          

 

လိုတိုရှင်း စီးပွားရေးသုတ (၁၁၄)

ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development ) 

    စီးပွားရေးတိုးတက်မှုအတွက် လိုအပ်သော အခြေအနေများထက် ကျော်လွန်၍ စဉ်းစားသည်အခါ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု သဘောတရားဆိုသည်ကို တွေ့နိုင်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ တစ်ချိန်တစ်ခါက အချေအတင်ငြင်းခုံဆွေးနွေးမှုများလည်း ရှိခဲ့ကြသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါတွင်လည်း လူသားများ ဘဝရပ်တည်မှု တစ်လျှောက်လုံးနှင့် ပတ်သက်သည့် မေးခွန်းများစွာ ထွက်ပေါ်လာသည်။   

    စီးပွားရေးအဆောက်အအုံတစ်ခုအတွင်းရှိ အရေးကိစ္စအများစုသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဖြစ်ပေါ်မှုများရှိနေပြီး စီးပွားရေးနှင့် လူမှုရေးအကြောင်းများသည်လည်း  စီးပွားရေးအဆောက်အအုံ၏ ရေရှည်ဖွံဖြိုးမှုအတွက် အသက်တမျှ အရေးကြီးသည်ကိုတွေ့ကြရသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်  အကောင်အထည်ဖော်၊ တာဝန်ယူရသော ကုလသမဂ္ဂအဖွဲ့ကြီး၏ ဌာနခွဲတစ်ခုက စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍသုံးရပ် ပေါင်းစည်းမှုမြှင့်တင်နိုင် ရေးအတွက် အားထုတ်လျက်ရှိသည်။ 

    စီးပွားရေးအဆောက်အအုံတစ်ခု ရေရှည်ဖွံဖြိုးတိုးတက်မှုရရှိစေရန်မှာ ဖွံ့ဖြိုးတိုးတက်မှု မျှတရမည်ဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းမှစ၍ လူအဖွဲ့အစည်းအားလုံး ၎င်းတို့၏ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးမှုများလည်း ရှိနေရန်လိုသည်။ ဥပမာအားဖြင့် စက်ရုံတစ်ရုံတည်ဆောက်သည်ဆိုပါစို့။ ထိုစက်ရုံသည် သက်ဆိုင်ရာနိုင်ငံ၏ ထုတ်လုပ်မှု ဂျီဒီပီကို တိုးလာစေသော်လည်း ထိုစက်ရုံ၏လုပ်သားများအတွက်ဘေးအန္တရာယ်စိတ်ချလုံခြုံမှု မရှိသော လုပ်ငန်းခွင်အခြေအနေများရှိနေပြီး အလုပ်သမားများသည်လည်း နိမ့်ပါးသောလုပ်ခလစာနှုန်းဖြင့်သာရရှိနေပါက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် အလှမ်းကွာနေသည်ဟုသာ ဆိုရပေမည်။

   

ဝေါဟာရများ

ရေရှည်ဖွံ့ဖြိုးတိုးတက်မှု=Sustainable Development   

စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍသုံးရပ်ပေါင်းစည်း=global   market     

လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ=social and cultural rights  

လူအဖွဲ့အစည်းများအားလုံး=communities

ဘေးအန္တရာယ် စိတ်ချလုံခြုံမှုမရှိသော လုပ်ငန်းခွင်အခြေအနေများ=unsafe working conditions  

လိုတိုရှင်း စီးပွားရေးသုတ (၁၁၅)

ဒေသဆိုင်ရာ ကုန်သွယ်ရေးအုပ်စုများ (regional trading blocs)

        ဒေသဆိုင်ရာကုန်သွယ်ရေးအုပ်စုဆိုသည်မှာ ကုန်သွယ်ရေးနှင့်ပတ်သက်၍ ရည်ရွယ်ချက်တူသောနိုင်ငံများ စုစည်းထားသည့်အဖွဲ့ဖြစ်သည်။ သုံးနိုင်ငံ သို့မဟုတ် သုံးနိုင်ငံထက်ပိုသော နိုင်ငံများမှ အစိုးရများသည် ၎င်းတို့အချင်းချင်းကြား ပိုမိုလွယ်ကူစွာကုန်သွယ်မှုပြုလုပ်ရန် ဒေသဆိုင်ရာကုန်သွယ်ရေးအုပ်စုဖွဲစည်းခြင်းဖြစ်သည်။ ကုန်သွယ်ရေးအုပ်စုတစ်စုဖွဲ့စည်းရန် သဘောတူညီမှုများ ပြုလုပ်ရန်လိုသည်။ အုပ်စုဖွဲ့မည့် နိုင်ငံများကြား၌ ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတားများလျှော့ချရန် သဘောတူညီမှုများ ပြုလုပ်ကြရသည်။ အုပ်စုထဲတွင် မပါရှိသည့် ပြင်ပနိုင်ငံများ၏ အကောက်အခွန်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍လည်း ဘုံသဘောတူညီချက်ဖြင့် အဟန့်အတားမှုများကို ပြုလုပ်တတ်ကြသည်။   

              ကျော်ကြားလူသိများသော ဒေသဆိုင်ရာကုန်သွယ်ရေးဆိုင်ရာအုပ်စုအနေဖြင့် အီးယူဟုအတိုကောက်ခေါ်ဝေါ်သည့် ဥရောပသမဂ္ဂဖြစ်သည်။ အချိန်ကာ လကြာမြင့်လာသည်နှင့်အမျှ အခြားဒေသများတွင်လည်း ထိုကဲ့သို့ဖွဲ့စည်းမှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာလျက်ရှိနေသည်။ လက်တင်အမေရိကဒေသရှိ Mercosur၊  အနောက်အာဖရိကဒေသရှိ ECOWAS အုပ်စုနှင့် အာရှဒေသရှိ ASEAN အဖွဲ့များကိုလည်း အောင်မြင်မှုရှိသော ဒေသတွင်းကုန်သွယ်ရေးအုပ်စုများအဖြစ် ပမာပေးနိုင်သည်။ ထိုအုပ်စုများ ဖွဲ့စည်းမှုဖြင့် သက်ဆိုင်ရာဒေသ၏စီးပွားရေးဖွံ့ဖြိုးမှုကို များစွာအားထုတ်နိုင်သည်။ ပိုမိုကျယ်ပြန့်သော စျေးကွက်နယ်ပယ်၊ ကြီးမားလာသော ထုတ်လုပ်မှုပမာဏ၊ ကျဆင်းလာသော တစ်ယူနစ်ကုန်ကျစရိတ်များက များစွာအထောက်အကူဖြစ်စေသည်။   

              ကြီးမားကျယ်ပြန့်သော စျေးကွက်သည် ကုန်ထုတ်လုပ်မှုအခြေအနေများကို တွန်းအားပေးနိုင်သကဲ့သို့ အဆင့်မြင့်သောစက်မှုလုပ်ငန်းများ ဖြစ်ထွန်းလာစေရန်လည်း အားပေးအားမြောက်ပြုနိုင်သည်ဟူသော အယူအဆကို လက်ခံခဲ့ကြပြီးနောက် ထိုသို့အုပ်စုဖွဲ့လုပ်ကိုင်လာကြခြင်းဖြစ်သည်။ ဥပမာ သံမဏိလုပ်ငန်းများနှင့် ဓာတုဗေဒဆိုင်ရာလုပ်ငန်းများမှာ သေးငယ်သော စီးပွားရေးအဆောက်အအုံတွင် ရှင်သန်ရပ်တည်နိုင်စွမ်းမရှိပေ။

                                 

ဝေါဟာရများ

ဒေသဆိုင်ရာကုန်သွယ်ရေးအုပ်စုများ=regional trading blocs

ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတားများ=trade barriers

ပြင်ပနိုင်ငံများ၏ အကောက်အခွန်ဆိုင်ရာကိစ္စများ=external tariffs

ဥရောပသမဂ္ဂ=European Union (EU)      

အဆင့်မြင့်သော စက်မှုလုပ်ငန်းများ=advanced industries 

 

 

စောနိုင် (အသုံးချဘောဂဗေဒ)