လူဆိုးဂိုဏ်းများ လွှမ်းမိုးထားသည့် ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်မှ လူပေါင်း ၃၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

လူဆိုးဂိုဏ်းများ လွှမ်းမိုးထားသည့် ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်မှ လူပေါင်း ၃၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ပို့အော်ပရင့်စ်မြို့တော်တွင် သေနတ်သံများကြားရပြီးနောက် ကလေးချီ၍ ပြေးနေသော အမျိုးသမီးကို မတ် ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ပို့အော်ပရင့်စ်မြို့တော်တွင် သေနတ်သံများကြားရပြီးနောက် ကလေးချီ၍ ပြေးနေသော အမျိုးသမီးကို မတ် ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 March 2024

လက်နက်ကောင်းမွန်စွာ တပ်ဆင်ထားသည့် လူဆိုးဂိုဏ်းများ လွှမ်းမိုးထားသည့် ဟေတီနိုင်ငံ၏ ပို့အော်ပရင့်စ်မြို့တော်မှ လူပေါင်း ၃၃၀၀၀ ကျော်သည် ယခုလအတွင်း မြို့တော်အတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများနှင့် မလုံခြုံသည့် အခြေအနေများကြောင့် မြို့ တော်အတွင်းနေထိုင်သူများသည် အခြားပြည်နယ်များသို့ ထွက်ပြေးတိမ်းရှောင်ရမည့် အခြေအနေသို့ ရောက်ရှှိစေခဲ့ပြီး ပြည်သူများသည် လူဆိုးဂိုဏ်းများ ထိန်းချုပ်ထားသည့် လမ်းကြောင်းများကို အရဲစွန့်ဖြတ်သန်းပြီး ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ၏ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့ (IOM)က မတ် ၂၁ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မတ် ၈ ရက်မှ ၂၀ ရက်အကြား ပို့အော်ပရင့်စ်မြို့တော်အတွင်းမှာ ထွက်ခွာသွားသူ ပေါင်း ၃၃၃၃၃ ဦးရှိကြောင်း လေ့လာစောင့် ကြည့်သူများက မှတ်တမ်းရရှိခဲ့သည်ဟု IOM က ပြောသည်။

ထိုကဲ့သို့ မြို့တော်အတွင်းမှ ထွက်ပြေးလာသူများကို လက်ခံရမည့် အခြားပြည်နယ်များနှင့် ရပ်ကွက်များတွင် လုံလောက်သည့် အခြေခံအဆောက်အအုံများ၊ အရင်းအမြစ်များ မရှိသဖြင့် ထိုကဲ့သို့ လူအစုလိုက်အပြုံ လိုက်ဝင်ရောက်လာသည့် ပြဿနာများကို  စီမံဖြေရှင်းနိုင်စွမ်းမရှိကြောင်း IOM က ပြောကြားခဲ့သည်။

ဟေတီတွင် လူဆိုးဂိုဏ်းများက ပူးပေါင်းပြီး တိုက်ခိုက်မှုများစတင်ခဲ့သည့် ဖေဖော်ဝါရီလကုန်ကတည်းက နိုင်ငံအတွင်း အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည်။

လူဆိုးဂိုဏ်းများသည် အကျဉ်းထောင်တစ်ခုကို ဖောက်ပြီး ထောင်နှင့်ချီသည့် အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဟင်နရီသည် နိုင်ငံအတွင်းသို့ ပြန်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ပြည်ပတွင်သောင်တင်နေကာ ပို့အော်ပရင့်စ်မြို့တော်၏ အဓိကလေဆိပ်လည်း ပိတ်ထားခဲ့ရသည်။

ထို့နောက် ဟင်နရီသည် ရာထူးမှနုတ်ထွက်ရန် သဘောတူခဲ့ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ခွင့်ပြုခဲ့သည်။

ထိုကဲ့သို့ ကြားဖြတ်အစိုးရဖွဲ့စည်းမှုကိုလျင်မြန်စွာလုပ်ဆောင်ရန် အမေရိကန်နှင့် ကာရစ်ဘီယံအိမ်နီးချင်းနိုင်ငံများက ဖိအားပေးနေသည့်တိုင် ဆွေးနွေးညှိနှိုင်းမှုများသည် နှေးကွေးလျက်ရှိသည်။

နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာ အဖွဲ့၏အဆိုအရ လူဆိုးဂိုဏ်းများသည် ညွှန့်ပေါင်းအစိုးရအဖွဲ့ကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာမှုများသည် အခက် တွေ့နေရကြောင်း သိရသည်။

ဟေတီ၏ သြဇာကြီးမားသည့် လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူးချီရီဇီယာကလည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟေတီ၏အာဏာကို ထိန်းသိမ်းရန် ဖွဲ့စည်းမည့် အသွင်ကူးပြောင်းရေးကောင်စီတွင် ပါ ဝင်မည့်သူများကို ခြိမ်းခြောက်စာများ ပို့ခဲ့သည်။

နိုင်ငံရေးပါတီများက အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို အပြီးသတ်ဖွဲ့စည်းရန် အချိန်နီးကပ်လာချိန်တွင် လူဆိုးဂိုဏ်းများကလည်း ပို့အော်ပရင့်စ်မြို့တော်တွင် နေရာအများအပြားကို ပိုမိိုထိန်းချုပ်လာခဲ့သည်ဟု ကု လသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကုသသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကမူ ဟေတီတွင် သမ္မတဆိုင်ရာ အသွင်ကူးပြောင်းရေးကောင်စီအတွက် ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်မှုများကို လက်ခံကြိုဆိုခဲ့သည်ဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။      

Ref: AFP

Most Read

Most Recent