ဟေတီတွင် အကြမ်းဖက်မှုများကြောင့် မရေတွက်နိုင်သည့်ကလေးများ သေဆုံးနိုင်ကြောင်း UNICEF ပြောကြား

ဟေတီတွင် အကြမ်းဖက်မှုများကြောင့် မရေတွက်နိုင်သည့်ကလေးများ သေဆုံးနိုင်ကြောင်း UNICEF ပြောကြား
မတ် ၁၈ ရက်က ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်တွင် လူဆိုးဂိုဏ်းများ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကြောက်လန့်တကြားငိုကြွေးနေကြသူများကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၈ ရက်က ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်တွင် လူဆိုးဂိုဏ်းများ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကြောက်လန့်တကြားငိုကြွေးနေကြသူများကို တွေ့ရစဉ်(Photo:AFP)
Published 27 March 2024

ဟေတီတွင် လူဆိုးဂိုဏ်းများ၏ အကြမ်း ဖက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသည့်အခြေအနေများ သီတင်းပတ်နှင့်ချီဖြစ်ပွားနေသဖြင့် မရေ တွက်နိုင်သည့် ကလေးများ သေဆုံးနိုင် ကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်အေဂျင်စီဖြစ်သည့်  UNICEF က မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံအတွင်း ကလေးသူငယ်ပေါင်း ၁၂၅၀၀၀ ကျော်သည် အသက်အန္တရာယ်ရှိစေသည့် အလွန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု UNICEF ၏ အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်း ရပ်ဆဲလ်က ပြောကြားခဲ့သည်။

“ဟေတီမှာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေက ကလေးသူငယ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစေပြီး အာဟာရချို့တဲ့မှု အကျပ်အတည်းကို ဖြစ်ပွားစေတာကြောင့် မရေတွက်နိုင်တဲ့ ကလေးငယ်တွေရဲ့ အသက် တွေ ဆုံးရှုံးနိုင်ပါတယ်”ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

ဟေတီနိုင်ငံတွင် လက်နက်ကိုင်လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများမြင့်တက်လာခဲ့ချိန်ကတည်းက နိုင်ငံ့လူဦးရေစုုစုပေါင်း၏ ထက်ဝက်နီးပါးဖြစ်သည့် လူငါးသန်းနီးပါးသည် အလွန်ဆိုးရွားသည့် အစားအစာမလုံခြုံမှု အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ငတ်မွတ်မှုအခြေအနေကို အကဲဖြတ်ရန် ကုလ သမဂ္ဂနှင့် အစိုးရများက အသုံးပြုသော အတိုင်းအတာတစ်ခုကို သတ်မှတ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Integrated Food Security Phase Classification (IPC) က မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ လူဦးရေ ၁၁.၅ သန်း တွင် လူ ၄.၉၇ သန်းခန့်သည် အကျပ်အတည်း သို့မဟုတ် အစားအစာမလုံလောက်မှု၏ အဆိုးရွားဆုံးအဆင့်များကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။

“ဆာလောင်ငတ်မွတ်မှု မြင့်တက်လာတာဟာ နိုင်ငံကို အထိနာစေတဲ့ လုံခြုံရေး အကျပ်အတည်းကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းအရေးတယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။အခြေအနေတစ်ခုကို စောင့်နေတာဟာ ရွေးချယ်စရာတစ်ခု မဟုတ်ပါဘူး”ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ဟေတီနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ယန်းမာတင်ဘော်ရာက ပြောကြားခဲ့သည်။

“ထောင်နဲ့ချီတဲ့ ကလေးတွေဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေနားမှာ ရှိနေပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်သွားပြီး လမ်းတွေနဲ့ ဆေးရုံတွေ ပြန်ဖွင့်မယ်ဆိုရင် အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ အသင့်ပါပဲ”ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

ဟေတီနိုင်ငံသားများသည် အသက်ကယ်ဝန်ဆောင်မှုများရရှိရန်အတွက် အခြေခံလုံခြုံရေးကို အရေးတကြီးလိုအပ်နေပြီး လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရေးဝန်ထမ်းများကလည်း အကူအညီများ အရေးတကြီးလိုအပ်နေသည့် ကလေးများနှင့် မိသားစုများထံ ရောက်ရှိရန် လိုအပ်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဟေတီတွင် လူဆိုးဂိုဏ်းများက ပူးပေါင်းပြီး တိုက်ခိုက်မှုများစတင်ခဲ့သည့် ဖေဖော်ဝါရီလကုန်ကတည်းက နိုင်ငံအတွင်း အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည်။

လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများနှင့် မလုံခြုံသည့်အခြေအနေများကြောင့် ဟေတီနိုင်ငံ၏ ပို့အော်ပရင့်စ်မြို့တော်မှ လူပေါင်း ၃၃၀၀၀ ကျော်သည် ယခုလအတွင်း မြို့တော်အတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ကုလသမဂ္ဂ၏ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) က မတ် ၂၁ ရက်နှောင်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်မှ ၂၀ ရက်အကြား ပို့အော် ပရင့်စ်မြို့တော်အတွင်းမှ ထွက်ခွာသွားသူ ပေါင်း ၃၃၃၃၃ ဦးရှိကြောင်း IMO က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent