သမ္မတဂျိုးဘိုင်ဒင်သည် သမ္မတတာဝန်ကိုထမ်းဆောင်ရန် ကျန်းမာရေးကောင်းသူဖြစ်သည်ဟု အိမ်ဖြူတော်ဆရာဝန် ထုတ်ပြန်

သမ္မတဂျိုးဘိုင်ဒင်သည် သမ္မတတာဝန်ကိုထမ်းဆောင်ရန် ကျန်းမာရေးကောင်းသူဖြစ်သည်ဟု အိမ်ဖြူတော်ဆရာဝန် ထုတ်ပြန်
ဝေါလ်တာရိဒ်စစ်ဆေးရုံတွင် ဆေးစစ်မှုခံယူရန် အိမ်ဖြူတော်မှ ထွက်ခွာလာသည့် သမ္မတဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဝေါလ်တာရိဒ်စစ်ဆေးရုံတွင် ဆေးစစ်မှုခံယူရန် အိမ်ဖြူတော်မှ ထွက်ခွာလာသည့် သမ္မတဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 29 February 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကျန်းမာရေးနှင့်သက်ဆိုင်သည့် စိုးရိမ်စရာ အသစ်များ မရှိခြင်းနှင့်အတူ တာဝန်ထမ်းဆောင်ရန် ကျန်းမာသူဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် ၎င်း၏ဆရာဝန်များက ပြောကြားခဲ့သည်။

အသက် ၈၁ နှစ်အရွယ် ဂျိုးဘိုင်ဒင်၏ အသက်အရွယ်သည် ရွေးကောက်ပွဲဝင်ရန် ပြဿနာတစ်ရပ်ဖြစ်လာပြီးနောက် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအကြိမ် ဆေးစစ်ရာတွင် ၎င်း၏ဆရာဝန်များက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်သည် အသက်ကြီးနေပြီဖြစ်ကာ မေ့တတ်သည်ဟု အထူးကောင်စီ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ၀ါရှင်တန်မြို့၏ အပြင်ဘက်ရှိ ဝေါလ်တာရိဒ်စစ်ဆေးရုံ၌  ဂျိုးဘိုင်ဒင်သည် နှစ်စဉ်ဆေးစစ်မှု ခံယူခဲ့ခြင်း ဖြစ်သည်။

“သူဟာ ဘာခြွင်းချက်မှမရှိ ဒါမှမဟုတ် ဘာလိုက်လျောမှုတွေမှ မပါပဲတာဝန်တွေကို အပြည့်အဝထမ်းဆောင်ဖို့ ကျန်းမာနေဆဲဖြစ်ပါတယ်”ဟု အိမ်ဖြူတော်ဆရာဝန် ကီဗင်အို ကွန်နော်က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ဒီနှစ်ရဲ့ ကျန်းမာရေး စစ်ဆေးမှုကတော့ စိုးရိမ်ပူပန်စရာ အသစ်မရှိဘူးဆိုတာ တွေ့ရပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။

“ကျွန်တော်ဟာ နုပျိုလွန်းနေတယ်လို့ ဆရာဝန်တွေ ထင်သွားမှာကိုပဲ ကျွန်တော်စိုးရိမ်ပါတယ်”ဟု နိုဝင်ဘာ ရွေးကောက်ပွဲတွင် အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရန့် နှင့် ပြန်လည် ယှဉ်ပြိုင်ရဖွယ်ရှိနေသည့် ဘိုင်ဒင်က ရယ်စရာ ပြောခဲ့သည်။

“အားလုံးဟာ ကောင်းမွန်နေပါတယ်”ဟု ၎င်းက အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် အမေရိကန်သမ္မတများ မကြာမကြာ အသုံးပြုသော ရဟတ်ယာဉ်ဖြင့် ဝေါလ်တာရိဒ်စစ်ဆေးရုံကို ရောက်လာခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခွဲအကြာတွင် ယာဉ်တန်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယခုနှစ်တွင် ဘိုင်ဒင်၏တစ်ခုတည်းသော ပြဿနာသစ်မှာ အရေးပေါ်သွားဘက်ဆိုင်ရာ ကုသမှုများနှင့်အတူ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းကို အထောက်အကူပေးသော CPAP စက်အသုံးပြုနေရခြင်း တို့ဖြစ်သည်ဟု ဆေးစစ်မှုအပြီးတွင် ဒေါက်တာအိုကွန်နော်က ပြောသည်။

ဘိုင်ဒင်သည် ခက်ခက်ခဲခဲ လမ်းလျှောက်ရခြင်း၊ နှလုံးအဆို့ရှင် အသေးအဖွဲ ပြဿနာရှိနေခြင်းတို့အပါအဝင် အသေးအဖွဲ့ ကျန်းမာရေးပြဿနာများကို ခံစားနေရဆဲဖြစ်သည်ဆိုသော်လည်း ထိုအသေးအဖွဲပြ ဿနာများသည် လွန်ခဲ့သောနှစ်ကထက် သိသိသာသာပြောင်းလဲသွားခြင်းမရှိဟု ဆရာ ဝန်များ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေသင်တုန်းဖြတ်ခြင်း သို့မဟုတ် ပါ ကင်ဆင်ရောဂါတို့အပါအဝင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွားသည့် လက္ခဏာများကိုမတွေ့ရဟု ဆိုသည်။

ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်သည် ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွသန်မာနေသော အသက် ၈၁ နှစ်အရွယ် အမျိုးသားဖြစ်ကာ သမ္မတ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ရန် ကျန်းမာသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ကောက်ချက်ချထားသည်။ ဒုတိယအကြိမ်အရွေးခံရမည်ဆိုပါက  ဒုတိ ယသက်တမ်း အကုန်တွင် ဘိုင်ဒင်၏ အသက်သည် ၈၆ နှစ်ရှိနေမည်ကို ပြည်သူများက စိုး ရိမ်လျက်ရှိသည်။                          Ref:AFP

Most Read

Most Recent