ဂါဇာစစ်ပွဲကြောင့် သေဆုံးခဲ့သည့် ကလေးအရေအတွက်သည် လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးခဲ့သော ကလေးအရေအတွက်ထက် ပိုမိုများပြားခဲ့ကြောင်း UNRWA  ပြောကြား

ဂါဇာစစ်ပွဲကြောင့် သေဆုံးခဲ့သည့် ကလေးအရေအတွက်သည် လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးခဲ့သော ကလေးအရေအတွက်ထက် ပိုမိုများပြားခဲ့ကြောင်း UNRWA  ပြောကြား
မတ် ၇ ရက်က ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့တွင် အစားအစာဝေပေးနေသည့် နေရာသို့ သွားရောက်နေသည့် ပါလက်စတိုင်းကလေးများကို တွေ့ရစဉ်(Photo:AFP)
မတ် ၇ ရက်က ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့တွင် အစားအစာဝေပေးနေသည့် နေရာသို့ သွားရောက်နေသည့် ပါလက်စတိုင်းကလေးများကို တွေ့ရစဉ်(Photo:AFP)
Published 14 March 2024

ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် ကလေးအရေအတွက်သည် လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားခဲ့သည့် ကလေးအရေအတွက်ထက် ပိုမိုများပြားခဲ့သည်ဟု ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNRWA က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာတွင် ၄ လကျော်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် ကလေးအရေအတွက်သည် တစ်ကမ္ဘာလုံးတွင် ၄ နှစ် အတွင်းဖြစ်ပွားခဲ့သည့် ကလေးအရေအတွက် ထက်ပိုမိုများပြားခဲ့သည်ဟု UNRWA အ ကြီးအကဲ ဖိလစ်ပီလက်ဇာရီနီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ကလေး ၁၂၁၉၃ ဦးသေဆုံးခဲ့ကြောင်း လက်ဇာရီနီက ကုလသမဂ္ဂ၏ ကိန်းဂဏန်းများကို ရည်ညွှန်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုနှစ်ဖေဖော်ဝါရီလကုန်အကြား ဂါဇာတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ကလေးပေါင်း ၁၂၃၀၀၀ ကျော်သေးဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို လက်ဇာရီနီက နှိုင်းယှဉ်ဖော်ပြခဲ့သည်။

“ဒါဟာ ကလေးတွေအပေါ် စစ်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ ကလေးတွေရဲ့ ငယ်ဘဝနဲ့ သူတို့ရဲ့ အနာဂတ်တွေအပေါ် စစ်ပွဲဆင်နွှဲ နေတာဖြစ်ပါတယ်”ဟု လက်ဇာရီနီက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ် အဖွဲ့သည် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၆၀ ခန့်သေဆုံးခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် ဓားစာခံ ၂၅၀ ခန့် ပြန်ပေးဆွဲဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလက သီတင်းတစ်ပတ်ကြာ အပစ်အခတ်ရပ်စွဲမှုကာလအတွင်း ဒါဇင်နှင့်ချီသည့် ဓားစာခံများပြန်လည်လွတ်မြောက်ခဲ့သည်။

လက်ရှိအချိန်အထိ ဂါဇာတွင် ပြန်ပေးဆွဲခံထားရသူ ၁၃၀ ခန့် ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ဓားစာခံ ၃၂ ဦးမှာ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန် သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ကို ပြင်းထန်စွာ ဆင်နွှဲခဲ့သဖြင့် ပါလက်စတိုင်း ၃၁၁၈၄ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဆိုးရွားသည့် လူသားချင်း စာနာမှုဆိုင်ရာအကျပ်အတည်းက ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ကို ပြင်းပြင်းထန်ထန် ဒုက္ခပေးလျက်ရှိစဉ် မွတ်စလင်တို့၏ ရာမဒန်ဥပုသ်လသည် မတ် ၁၁ ရက်တွင် ဂါဇာ၌ စတင်ခဲ့သည်။

အစ္စရေးက အလုံးစုံနီးပါး  ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ကို အောက်တိုဘာကတည်းက အခြေခံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သော အကူအညီများ၏ အနည်းငယ် ကိုသာ ခွင့်ပြုပေးထားသည်ဟု အန်ဂျီအိုအဖွဲ့များက ပြောသည်။

ဂျော်ဒန်၊ အမေရိကန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ အီဂျစ် လေယာဉ်များသည် မတ် ၁၀ ရက်တွင် ဂါဇာ မြောက်ပိုင်းတွင် အကူအညီများကို လေထီးဖြင့်ချပေးခဲ့သည်ဆိုသော်လည်း ထောက်ပံ့ပစ္စည်းများကို ကုန်းလမ်းဖြင့်  ပံ့ပိုးပေးခြင်းသည် ဂါဇာနယ်မြေ၏ ပြည်သူ ၂ ဒသမ ၄ သန်းထံ အကူအညီများရောက်ရှိ ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယင်းနယ်မြေအတွက် အလုပ်လုပ်နေသော ကုလသမဂ္ဂ ထောက်ပံ့ကူညီမှု ညှိနှိုင်းရေးမှူးက ပြောကြားခဲ့သည်။              Ref:AFP

Most Read

Most Recent