လေယာဉ်ပေါ်မှချပေးသည့် စားနပ်ရိက္ခာများရရှိရန် ကြိုးစားသော ဂါဇာအရပ်သားများ ရေနစ်သေဆုံးမှုများရှိနေသောကြောင့် လေယာဉ်ဖြင့် ရိက္ခာချပေးခြင်းမပြုရန် ဟားမာ့စ် တောင်းဆို

လေယာဉ်ပေါ်မှချပေးသည့် စားနပ်ရိက္ခာများရရှိရန် ကြိုးစားသော ဂါဇာအရပ်သားများ ရေနစ်သေဆုံးမှုများရှိနေသောကြောင့် လေယာဉ်ဖြင့် ရိက္ခာချပေးခြင်းမပြုရန် ဟားမာ့စ် တောင်းဆို
ရိက္ခာချပေးသော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး မတ် ၂၅ ရက်တွင် ဂါဇာစီးတီးအနောက်ပိုင်းမှ ပျံသန်းသွားသည်ကို တွေ့ရစဉ်(Photo:AFP)
ရိက္ခာချပေးသော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး မတ် ၂၅ ရက်တွင် ဂါဇာစီးတီးအနောက်ပိုင်းမှ ပျံသန်းသွားသည်ကို တွေ့ရစဉ်(Photo:AFP)
Published 27 March 2024

ဂါဇာကမ်းခြေအလွန်တွင် လေယာဉ်ပျံက ချပေးသော စားနပ်ရိက္ခာအကူအညီများထံ ရောက်ရှိရန် ကြိုးစားသည့် လူများထဲ က လူ ၁၂ ဦးသည် ရေနစ်သေဆုံးသွားသည်ဟု မတ် ၂၆ ရက်တွင် ပါလက်စတိုင်း ကျန်း မာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

လူအုပ်ကြီးက ဂါဇာမြောက်ပိုင်းရှိ ကမ်းခြေဆီ ပြေးသွားသည်ကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည့် ဗီဒီယိုတွင်တွေ့ရသည်။ လေယာဉ်များပေါ်မှ လေထီးများဖြင့် ပစ်ချပေးလိုက်သော စားနပ်ရိက္ခာသေတ္တာများသည် ရေထဲတွင် မျောနေသည်ကို ဗီဒီယိုတွင်တွေ့ရသည်။ ထို့နောက် လူများက ရေနက်ထဲဆင်းကာ သွားရောက်ယူငင်ကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ အလောင်းများကို သဲများ ပေါ်ဆွဲတင်ထားသည်ကို တွေ့ရသည်။

စားနပ်ရိက္ခာအထုပ်များကို ရရှိရန်ကြိုးစားစဉ် လူ ၁၈ ဦးသေဆုံးသွားခဲ့ပြီးနောက် ယင်းစားနပ်ရိက္ခာများကို လေယာဉ်များပေါ် မှ ချပေးခြင်းမပြုရန် ဟားမာ့စ်က မေတ္တာရပ်ခံထားလင့်ကစား အမေရိကန်ကမူ ဂါဇာကို စား နပ်ရိက္ခာအကူအညီများအား လေယာဉ်များပေါ်မှ ဆက်လက်ချပေးသွားမည်ဟု ပြောကြားခဲ့သည်။

လူများပြည့်ကျပ်နေသော ဂါဇာကမ်းမြောင်တွင် စားနပ်ရိက္ခာအကူအညီများ ပေးပို့စဉ်အတွင်း လူသေဆုံးမှုများ ဆက်တိုက် ဖြစ်ပွားသည့် ဖြစ်ရပ်များထဲတွင် ယခုဖြစ်ရပ်သည် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။

မတ် ၂၅ ရက်တွင် လေယာဉ်ပေါ်မှ ချပေးသော စားနပ်ရိက္ခာထုပ်များမှ ရရှိသော စာရွက်အပိုင်းလေးတွင် အမေရိကန်အလံပေါ်၌  အာရဗီဘာသာဖြင့် ရေးထားသော စာကိုမြင်ရပြီး အမေရိကန်ပြည်ထောင်စုက ပေးပို့သော အကူအညီဖြစ်သည်ဟု ရေးထားကြောင်း တွေ့ရသည်။

အစ္စရေးက လေကြောင်းထိုးစစ်နှင့် မြေ ပြင်ထိုးစစ်တို့ကို ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် လိုအပ်သည့်ရိက္ခာ ငါးပုံတစ်ပုံခန့်သာ ဂါဇာကို ဝင်ရောက်နေသည်ဟု အန်ဂျီအိုအဖွဲ့များက ပြောကြားခဲ့သည်။

ဟားမာ့စ် အုပ်ချုပ်နေသော ဂါဇာ၏ ကမ်းခြေများပေါ်သို့ လေကြောင်းမှသော်လည်းကောင်း၊ ရေကြောင်းမှသော်လည်းကောင်း တိုက်ရိုက်ပေးပို့မှုများသည် အစ္စရေး သို့မဟုတ် အီဂျစ်တို့မှတစ်ဆင့် ကုန်လမ်းဖြင့် ဝင်လာသည့် များပြားသော ရိက္ခာများ၏နေရာတွင် အစားမထိုးနိုင်ဟု ၎င်းတို့က ပြော ကြားခဲ့သည်။

ဂါဇာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖြည့်ဆည်းပေးရန် ကုန်ပစ္စည်းအများအပြား ပို့ဆောင်ရေးအတွက် အထိရောက်ဆုံးနှင့် ခရီးအရောက်ဆုံးနည်းလမ်းမှာ ကုန်းလမ်းမှပို့ဆောင်ခြင်းဖြစ်ပြီး အ ထိရောက်ဆုံးနည်းလမ်းထဲတွင် ကုန်ပစ္စည်းများ ပေးပို့မှုများကို သိသိသာသာတိုးမြှင့်ခြင်းလည်းပါဝင်မည်ဟု မတ် ၂၄ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ပြီး နယ်စပ်၌ ကုန်တင် ကားအများအပြား ပိတ်ဆို့ခံထားရခြင်းသည် အကျင့်သိက္ခာပိုင်းဆိုင်ရာ ရက်စက်မှုဖြစ်သည်ဟု ဆိုသည်။

ဂါဇာကို ဝင်လာသော လူသားချင်းစာနာမှုအကူအညီ ပမာဏနှင့်ပတ်သက်၍ မိမိတို့ ကန့်သတ်ချက်မထားဟု အစ္စရေးက ပြောကြားထားပြီး ရိက္ခာပေးဝေမှု အခက်အခဲများနှင့်ပတ်သက်၍ ကုလသမဂ္ဂအေဂျင်စီများကို အစ္စရေးက အပြစ်တင်ထားသည်။                 

                                                            Ref:CNA

Most Read

Most Recent