မြောက်ကိုရီးယားအာဏာရပါတီ၏ ကိုယ်စားလှယ်အဖွဲ့ တရုတ်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့ သွားရောက်

မြောက်ကိုရီးယားအာဏာရပါတီ၏ ကိုယ်စားလှယ်အဖွဲ့ တရုတ်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့ သွားရောက်
တရုတ်၊ ဗီယက်နမ်နှင့် လာအိုခရီးစဉ်မတိုင်မီ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ကင်ဆောင်နမ်ကို KCNA သတင်းအေဂျင်စီမှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ်(Photo: AFP)
တရုတ်၊ ဗီယက်နမ်နှင့် လာအိုခရီးစဉ်မတိုင်မီ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ကင်ဆောင်နမ်ကို KCNA သတင်းအေဂျင်စီမှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ်(Photo: AFP)
Published 22 March 2024

မြောက်ကိုရီးယားအာဏာရပါတီ၏ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ပေကျင်းမြို့တော်သို့ ရောက်ရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ကင်ဆောင်နမ် ဦးဆောင်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့ကို မတ် ၂၀ ရက်က ပေကျင်းမြို့တော်လေဆိပ်တွင် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များက ကြိုဆိုခဲ့ကြသည်ဟု KCNA က ဖော်ပြခဲ့သော်လည်း ထိုခရီးစဉ်၏ သဘောသဘာဝကို အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အစောပိုင်းကလည်း KCNA ၏ ဖော်ပြချက်တွင် ထိုကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နှင့် လာအိုနိုင်ငံများကိုပါ သွားရောက်လိမ့်မည်ဟု ဖော်ပြခဲ့သော်လည်း ခရီးစဉ်၏ ရည်ရွယ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယား၏ ယွန်ဟပ်သတင်းအေဂျင်စီ၏ အဆိုအရ ကင်ဆောင်နမ်သည် မြောက်ကိုရီးယားတွင် တရုတ်ရေးရာ ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံထားရပြီးကွယ်လွန်သွားပြီဖြစ်သည့် ယခင်မြောက်ကိုရီးယား  ခေါင်းဆောင်ဟောင်းများဖြစ်သည့် ကင်အီဆွန်းနှင့် ကင်ဂျုံအီတို့အတွက် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ကင်ဆောင်နမ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်၏ ထိပ်သီးနိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဝမ်ဟူနင်နှင့် မတ် ၂၁ ရက်က တွေ့ဆုံခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယား၏ အကြီးဆုံး စီးပွားဖက်နိုင်ငံဖြစ်ပြီး အစဉ်အလာရှိသည့် မဟာမိတ်နိုင်ငံဖြစ်ကာ လက်ရှိ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်လက်ထက်တွင် တရုတ်နှင့်ဆက်ဆံရေးများကို မြှင့်တင်လျက်ရှိပြီး တောင်ကိုရီးယားအပေါ် ပိုမိုရန်လိုသည့် အပြုအမူများကို ပြသခဲ့သည်။

ဇန်နဝါရီလကလည်း ကင်က မြောက်ကိုရီးယားနှင့် တရုတ်သည် ၂၀၂၄ ခုနှစ်ကို “မြောက်ကိုရီးယား-တရုတ် မိတ်ဖက်ဆက်ဆံမှုနှစ်”အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

ထိုနှစ်၏ အရေးကြီးပုံကို ပြသသည့်အနေဖြင့် ဝမ်က နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မဟာဗျူဟာမြောက်ဆက်သွယ်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့် တင်လိုသည့် တရုတ်၏ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် COVID-19 ကပ်ရောဂါကာလက ပိတ်ထားခဲ့သည့် နယ်စပ်များကို ပြန်ဖွင့်ခဲ့ပြီးနောက် သံတမန်လှုပ်ရှားမှုများကို ပြန်လည်စတင်နေပုံပေါ်ပြီး ယခုလအစောပိုင်းကလည်း မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပါ့ခ်မြောင်ဟို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံသို့ ရှားပါးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မတ် ၂၂ ရက်ကလည်း ကင်သည် လာအို ပြည်သူ့တော်လှန်ရေးပါတီထူထောင်သည့် ၆၉ နှစ်ပြည့် နှစ်ပတ်လည်အတွက် လာအိုသမ္မတ သွန်းလွန်း စီဆူလစ်သ်ထံသို့ ပန်းခြင်းပေးပို့ခဲ့သည်။                   Ref: AFP

Most Read

Most Recent