လက်ဘနွန်ရှိ အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

လက်ဘနွန်ရှိ အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်
ဧပြီ ၂၆ ရက်က လက်ဘနွန်နယ်စပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများနှင့် မီးခိုးများကို တွေ့ရစဉ်
ဧပြီ ၂၆ ရက်က လက်ဘနွန်နယ်စပ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများနှင့် မီးခိုးများကို တွေ့ရစဉ်
Published 28 April 2024

လက်ဘနွန်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၂၇ ရက်က ပြောကြားခဲ့သည်။

အစ္စရေး၏ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်နှစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့က ယင်းကဲ့သို့ တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ AI Manara စစ်ဌာနချုပ်နှင့် ဂိုလာနီ တပ်မဟာ၏ အမှတ် ၅၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စုစည်းနေသည့် နေရာတို့ကို ဖောက်ခွဲရေးဒရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်ကမူ လက်ဘနွန်နိုင်ငံမှ  အစ္စရေးမြောက်ပိုင်း မာနာရာဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် လေကြောင်းပစ်မှတ်များကို Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် အောင်မြင်စွာ ကြားဖြတ်ပစ်ချ နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံအတွင်းမှ ပစ်လွှတ်ခဲ့သည့် တင့်ကားဖျက်ဒုံးကျည်အချို့ကိုလည်း ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်အမျိုးသား သတင်းအေဂျင်စီက နောက်ပိုင်းတွင် သတင်းထုတ်ပြန်ရာ၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် ဆရီဘီနီကျေးရွာရှိ အိမ်တစ်လုံးကို ထိမှန်ပြီး လူ ၁၁ ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယင်းနေ့အစောပိုင်းကလည်း အစ္စရေး တိုက်လေယာဉ်များသည် လက်ဘနွန်နိုင်ငံတောင်ပိုင်း ကူဇာဒေသရှိ ဟစ်ဇ်ဘိုလာစစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဧပြီ ၂၃ ရက် အစောပိုင်းကလည်း ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၎င်းင်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ပုံမှန်အားဖြင့် နယ်စပ်ဒေသကိုသာ တိုက်ခိုက်လေ့ရှိသည့် ဖြစ်စဉ်များနှင့် ကွဲထွက်နေပြီး အစ္စရေးနိုင်ငံအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုက်ခိုက်ခြင်းဖြစ်သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ခဲ့သည့် အောက်တိုဘာ ၇ ရက်ကတည်းက လက်ဘနွန်တွင် လူပေါင်း ၃၈၀ ကျော်သေဆုံးခဲ့ပြီး အများစုမှာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများဖြစ်ကာ အရပ်သား ၇၀ ကျော် ပါ ဝင်ခဲ့သည်။

အစ္စရေးကမူ ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ စစ်သား ၁၁ ဦး နှင့် အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီ  ၂၇ ရက်ညပိုင်းနှင့် ၂၈ ရက် နံနက်ပိုင်းအချိန်များကလည်း ဟစ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်း မီရွန်မြို့ှရှိ စစ်စခန်းတစ်ခုကို ဒါဇင်နှင့်ချီသည့် ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ နေရာအချို့တွင် အရပ်သားတစ်ဦးသေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့ သည်။အစ္စရေးကမူ လက်ဘနွန်နိုင်ငံမှ ပစ်လွှတ်ခဲ့သည့် ရော့ကတ်များကို Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် အောင်မြင်စွာပစ်ချနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

                                               Ref:AFP

Most Read

Most Recent