ထိုင်း နိုင်ငံ ဆွန်ခရမ် ရေကစားပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်

ထိုင်း နိုင်ငံ ဆွန်ခရမ် ရေကစားပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်
Published 16 April 2024

ထိုင်းနိုင်ငံ ဆွန်ခရမ်ရေကစားပွဲတော်၏ ငါးရက်တာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၀၆ ဦးအထိရှိလာခဲ့ပြီး ဒါဏ်ရာရသူ ၁၅၉၃ ဦးအထိ ရှိလာခဲ့သည်ဟု Bangkok Post သတင်းဝက်ဘ်ဆိုက်က ဧပြီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ဧပြီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၁၅၆၄ ခုရှိခဲ့ပြီး ယင်းသည် ယာဉ်မတော်တဆမှုဖြစ်စဉ် ၁၇၄၅ ခုရှိခဲ့သည့် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ဆိုသည်။

သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သည့်နှစ်က ၂၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် ၂၀၆ ဦးရှိခဲ့ကာ ဒဏ်ရာရသူ အရေအတွက်မှာ ပြီးခဲ့သည့်နှစ်က ၁၇၃၇ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျခဲ့သည်။

ပြည်နယ် ၇၇ ခုအနက် ၁၇ ခုတွင် လူသေဆုံးမှုရှိသည့် ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြည်သူ့ ကျန်းမာရေးဝန်ကြီး ချိုလ်နန် ဆရီကောက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ချင်းရိုင်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၆၁ ခုနှင့်အတူ ယာဉ်မတော်တဆမှု ဖြစ်စဉ်အများဆုံး ဖြစ်ပွားခဲ့သည်။ နန်း ပြည်နယ်တွင် ဒဏ်ရာရသူ ၆၀ ရှိပြီး ဒဏ်ရာရသူအများဆုံးပြည်နယ်ဖြစ်ခဲ့ကာ ဘန်ကောက်နှင့် ချင်းရိုင်တွင် သေဆုံးသူ ၁၃ ဦးစီရှိခဲ့ပြီး သေဆုံးသူအများဆုံးနေရာများ ဖြစ်သည်။

ဧပြီ ၁၅ ရက် တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှုဖြစ်စဉ် ၃၀၁ ခု၊ သေဆုံးသူ ၃၉ ဦးနှင့် ဒဏ်ရာရသူ ၃၁၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်စဉ်အများစုမှာ သတ်မှန်းနှုန်းထက်ကျော်လွန်မောင်းနှင်ခြင်းဖြစ်ပြီး မတော်တဆမှုဖြစ်စဉ်စုစုပေါင်း၏ ၄၃ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၃ ဒသမ ၉ ရာခိုင်နှုန်းမှာ မူးယစ်သောက်စားမောင်းနှင်ခြင်း၊ ၁၅ ဒသမ ၃ ရာခိုင်နှုန်းမှာ တစ်ဖက်ယာဉ်ကြောကို ဖြတ်ဝင်ခြင်းတို့ဖြစ်သည်။

မတော်တဆမှုဖြစ်စဉ် စုစုပေါင်း၏ ၈၃ ဒသမ ၈ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များဖြစ်သည်။

ထိုင်းနိုင်ငံ၏ လမ်းမများသည် အရှေ့တောင်အာရှတွင် လူသေဆုံးမှုအများဆုံး မတော်တဆမှုများဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်တွင် လူသေဆုံးမှုအများဆုံးနှုန်းတွင် အဆင့်ကိုးနေရာတွင်ရှိခဲ့ကာ တစ်နှစ်လျင် ယာဉ်မတော်တဆမှုများကြောင့် လူ ၂၀၀၀၀ ခန့် ပျမ်းမျှသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

Ref: Bangkok Post

Most Read

Most Recent