အိန္ဒိယတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများစတင်နေစဉ် မြို့တော်နယူးဒေလီ၌ လူထောင်ချီ စုဝေးဆန္ဒပြ

အိန္ဒိယတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများစတင်နေစဉ် မြို့တော်နယူးဒေလီ၌ လူထောင်ချီ စုဝေးဆန္ဒပြ
မတ် ၃၁ ရက်က မြို့တော်နယူးဒေလီတွင် အတိုက်အခံပါတီများကို ထောက်ခံသူများက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြနေစဉ်(Photo: AFP)
မတ် ၃၁ ရက်က မြို့တော်နယူးဒေလီတွင် အတိုက်အခံပါတီများကို ထောက်ခံသူများက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြနေစဉ်(Photo: AFP)
Published 1 April 2024

အိန္ဒိယအတိုက်အခံပါတီများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အုပ်စုသည် မတ်လ ၃၁ ရက်က ၎င်းတို့၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီး စုဝေးဆန္ဒပြပွဲကြီးတစ်ခု စီစဉ်ပြုလုပ်ကာ ဧပြီလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီဝန်ကြီးချုပ်နရင်ဒရာမိုဒီ၏ အစိုးရသည် အတိုက်အခံများ ကို ဖိနှိပ်နေပြီး ဒီမိုကရေစီစနစ်ကို မှေးမှိန်အောင် လုပ်နေသည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် Save Democracy ဟုအမည်ပေးထားသော လူထုစုဝေးပွဲသည် INDIA ဟုအမည်ရသည့် အတိုက်အခံအုပ်စုက ပထမဆုံးအကြိမ်အဖြစ် ထင်ထင်ရှားရှားအင်အားပြမှုဖြစ်သည်။ ဝန် ကြီးချုပ်မိုဒီသည်လည်း ဧပြီ ၃၁ ရက်က တရားဝင် မဲဆွယ်စည်းရုံးမှုများကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတင်းပတ်ခြောက်ပတ်ကြာ ကျင်းပမည့် အိန္ဒိိယ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်မှစတင်ကာ ဇွန် ၁ ရက်အထိ အဆင့်ခုနစ်ဆင့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာထားသည်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် သူ၏ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီယာ ဂျာနာတာပါတီက ထပ်မံအနိုင်ရရှိမည်ဟု လူထုစစ်တမ်းအများစုတွင် ရေပန်းစားလျက်ရှိသည်။ အဆိုပါရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ သန်းတစ်ထောင်နီးပါးရှိသည့်အတွက် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲဟု ဆိုရမည်ဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် သက်တမ်းနှစ်ကြိမ်ဆက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် မိုဒီနှင့် ၎င်း၏မဟာမိတ်များကတစ်ဖက်၊ ပါတီနှစ်ဒါဇင်ပူးပေါင်းထားသည့် အတိုက်အခံအုပ်စုကတစ်ဖက် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ မိုဒီ၏ဘာရာတီယာဂျာနာတာ(BJP)ပါတီက အလွယ်တကူအနိုင်ရဖွယ်ရှိသည်ဟု လူထုသဘောထားစစ်တမ်းများတွင်ခန့်မှန်းထားသည်။

မတ်လ ၃၁ ရက်က ပြုလုပ်သည့် လူထုစုဝေးပွဲတွင် အတိုက်အခံခေါင်းဆောင်များက အလံများဝှေ့ယမ်းနေသည့် လူအုပ်ကြီးကိုမိန့်ခွန်းပြောကြားခဲ့ပြီး ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်အများအပြားအား မိုဒီ၏အစိုးရက ဖမ်း ဆီးထားသည့်အပေါ်ဝေဖန်ခဲ့ပြီး ယင်းသို့ဖမ်းဆီးခြင်းသည် ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိဟုဆိုသည်။ ထို့ပြင် မိုဒီ၏ BJP ပါတီသည် ဗဟိုအစိုးရဌာနများကို အသုံးချ၍ အတိုက်အခံများကို အင်အားချည့်နဲ့အောင် လုပ်ဆောင် နေသည်ဟုလည်း အတိုက်အခံခေါင်းဆောင်များက စွပ်စွဲခဲ့သည်။

မတ်လ ၂၁ ရက်က အတိုက်အခံ Aam Aadim ပါတီ(AAP)မှ နယူးဒေလီ ဝန်ကြီးချုပ် ကက်ဂျ်ရီဝါသည် အဂတိလိုက်စားမှု စွဲချက်များဖြင့် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများတိုက်ဖျက်ရေးဌာန၏ ဖမ်း ဆီးခြင်းကိုခံခဲ့ရသည်။

အိန္ဒိယတွင် ဧပြီ ၁၉ ရက်၌ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမှုများစတင်မည်ဖြစ်သဖြင့် ရွေးကောက်ပွဲစတင်ရန် သီတင်းပတ်အနည်းငယ်အလိုတွင် ၎င်းဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်း၏ပါတီနှင့် ပြည်နယ်အစိုးရ ဝန်ကြီးများသည် လွန်ခဲ့သည့် နှစ်နှစ်နီးပါးက ယစ်မျိုးလိုင်စင် ချထားပေးခြင်းမှ ရူပီးတစ်ဘီလျံ (ဒေါ်လာ ၁၂ သန်း) လာဘ်ငွေရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ AAP ပါတီကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ရုံးတော်က အမိန့်မချသေးသရွေ့ ကက်ဂျ်ရီဝါသည် နယူးဒေလီဝန်ကြီးချုပ်အဖြစ် ဆက်ရှိ နေမည်ဟု ပြောကြားထားသည်။      

Ref: AP

Most Read

Most Recent