အခဲလောင်စာသုံး တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

အခဲလောင်စာသုံး တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
ဧပြီ ၂ ရက်က ပြုံယမ်းမြို့စွန်တစ်နေရာမှ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့်ဓာတ်ပုံ၌ တွေ့ရစဉ်(Photo:AP)
ဧပြီ ၂ ရက်က ပြုံယမ်းမြို့စွန်တစ်နေရာမှ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့်ဓာတ်ပုံ၌ တွေ့ရစဉ်(Photo:AP)
Published 5 April 2024

အခဲလောင်စာသုံး တာလတ်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်အမျိုးအစားသစ်ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

 ပြိုင်ဘက်ဒေသတွင်း နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် လက်နက် အင်အားကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားသည် အကွာအ ဝေးမျိုးစုံကို ပစ်ခတ်နိုင်ပြီး နျူကလီးယားထိပ် ဖူးတပ်ဆင်နိုင်သည့် အခဲလောင်စာသုံး ဒုံးလက်နက်များကို တီထွင်နိုင်ပြီဟု ကြေညာခဲ့သည်။

သို့သော် မြောက်ကိုရီးယားသည် ယင်းစမ်းသပ်မှု၏ အောင်မြင်မှုနှင့် ၎င်းတို့၏ ဒုံးလက်နက်စွမ်းပကားကို ချဲ့ကားပြောဆိုနေ သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏မြို့တော်အနီးမှ အရှေ့ဘက်ရှိ ပင်လယ်ထဲသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းသိရှိခဲ့ သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်က ထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက် ထွက် ပေါ်လာခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်ကို မြောက်ကိုရီးယား၏ မြို့တော် ပြုံယမ်းမြို့အနီးရှိ နေရာဒေသတစ်ခုမှ ပစ်လွှတ်ခဲ့ကြောင်းနှင့် ၎င်းင်းဒုံးကျည်သည် ကီလိုမီတာ ၆၀၀ အကွာအဝေးအထိ ပျံသန်းရောက်ရှိခဲ့ပြီး ထို့နောက်တွင် ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံအကြားရှိ ပင်လယ်ပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယင်းဒုံးကျည်သည် ကီလိုမီတာ ၆၅၀ အကွာ အဝေးအထိ ပျံသန်းရောက်ရှိခဲ့ပြီး အမြင့် ကီ လိုမီတာ ၁၀၀ ခန့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်းနှင့် ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်ရှိ ရေပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

လတ်တလောပြုလုပ်ခဲ့သည့် Hwasong-16b ဒုံးကျည်အမျိုးအစားသစ် စမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအွန်က ကြီးကြပ်ခဲ့ပြီး ၎င်းဒုံးကျည်သည် ရန်သူများကို တန်ပြန်နိုင်ရန် နျူကလီးယား အဟန့်အတား စွမ်းရည်များကို တိုးမြှင့်မည့် စီမံချက်အတွက် အဓိက အစိတ်အပိုင်းဖြစ်သည်ဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကို ရည်ရွယ်၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားသည် အခဲလောင်စာသုံး ဒုံးလက်နက်များကို ပိုမိုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိ သည်။ ယင်းဒုံးကျည်များသည် ရွှေ့ပြောင်းသို ဝှက်ရလွယ်ကူသကဲ့သို့ ဒုံးကျည်မပစ်လွှတ်မီ လောင်စာဖြည့်ရန် လိုအပ်ပြီး လောင်စာစွမ်းအင်ကို အချိန်ကြာမြင့်စွာ သိုလှောင်နိုင်စွမ်းမရှိသည့် အရည်လောင်စာသုံး ဒုံးလက်နက်များထက် ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်သည်။

မြောက်ကိုရီးယားသည် ယမန်နှစ်တွင် အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် တာဝေးပစ်လက်နက်အင်အားကို ထပ်မံဖြည့်တင်းနိုင်ခဲ့သည်။ မြောက်ကိုရီးယားသည် အခဲလောင်စာသုံး တာတိုပစ်နှင့် တာလတ်ပစ်ဒုံးကျည်များကိုလည်း ပိုင်ဆိုင်ထားသည်။       

                                Ref:AP

 

 

 

Most Read

Most Recent