မုန်တိုင်းကျခြင်း၊ မိုးများခြင်းတို့ကြောင့် ဘရာဇီးနိုင်ငံ၏ပြည်နယ်နှစ်ခုတွင် အနည်းဆုံးလူ ၂၅ ဦး သေဆုံးခဲ့ သည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြား

မုန်တိုင်းကျခြင်း၊ မိုးများခြင်းတို့ကြောင့် ဘရာဇီးနိုင်ငံ၏ပြည်နယ်နှစ်ခုတွင် အနည်းဆုံးလူ ၂၅ ဦး သေဆုံးခဲ့ သည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြား
ရေကြီးမှုဖြစ်ပွားအပြီး အက်စပီရီတိုဆန်တို ပြည်နယ်၏အနေအထားကို မတ် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရေကြီးမှုဖြစ်ပွားအပြီး အက်စပီရီတိုဆန်တို ပြည်နယ်၏အနေအထားကို မတ် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 25 March 2024

မုန်တိုင်းများနှင့်မိုးသည်းထန်ခြင်းတို့ကြောင့် ဘရာဇီးနိုင်ငံ၏ပြည်နယ်နှစ်ခုတွင် အနည်းဆုံးလူ ၂၅ ဦးသေဆုံးသွားပြီးနောက် ဘရာဇီး၏တောင်တန်းဒေသဖြစ်သော အရှေ့တောင်ပိုင်းတွင်  သောင်တင်နေသူများ ကို ကူညီရန်လှေများ၊ လေယာဉ်များဖြင့်လာသော ကယ်ဆယ်ရေးသမားများသည် မတ် ၂၄ ရက်တွင် အချိန်လု ကြိုးစားနေရသည်ဟု ဆိုသည်။

လွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်တွင် ရီယိုဒီဂျနေယိုပြည်နယ်နှင့် အက်စပီရီတိုဆန်တို ပြည်နယ်တို့တွင် ရေကြီးခဲ့သည်။ ရေကြီးမှုများကြောင့် အဆိုပါပြည်နယ်နှစ်ခုတွင် ဝရုန်းသုန်းကားအခြေအနေများ ဖြစ် ပေါ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများ ဆက်လက်ဆောင်ရွက်လျက်ရှိစဉ် အက်စပီရီတို ဆန်တိုပြည်နယ်၌ သေဆုံးသူ စုစုပေါင်းသည် မတ် ၂၄ ရက်တွင် ၁၇ ဦးအထိရှိလာခဲ့သည်။ ထိုပြည်နယ်တွင် မိုးရွာသွန်းမှု ယာယီအားဖြင့်  လျော့ကျသွားသောကြောင့် ညပိုင်းတွင် ရေများ ပြန်လည်ကျဆင်းသွားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရှေ့တိုးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အများဆုံး ထိခိုက်ခဲ့သော စည်ပင်သာယာဒေသသည် အက်စပီရီတိုဆန်တိုတောင်ပိုင်းရှိ လူဦးရေ  ၂၅,၀၀၀ ခန့်နေထိုင်သော မီဆိုမိုဒိုဆူးလ်မြို့ဖြစ်သည်။ အဆိုပါမြို့လေးတွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့သည်။

တက်လာသည့် ရေများပြန်လည်ကျ ဆင်းသွားသည့်အခါ ယင်းမြို့၏လမ်းများပေါ်တွင် ပျက်စီးနေသော မွေ့ယာများ၊ ကုလားထိုင်များ၊ အိမ်သုံးပစ္စည်းများသည် အပျက်အစီးပုံကြီးဖြစ်လျက်ရှိသည်။

“ဒီလို ရေကြီးတာကို ကျွန်မဘယ်တုန်းကမှ မမြင်ဖူးပါဘူး”ဟု အသက် ၃၇ နှစ် အရွယ် မီရှယ်လီအိုလီဗီအဲရာက ဒေသတွင်း သတင်းဌာန A Gazeta ကို ပြောကြားခဲ့သည်။

၎င်း၏ ဝင်ငွေရပေါက်ရလမ်းဖြစ်သော ဖိနပ်ဆိုင်လေးပျက်စီးသွားသည်ဟု ဆိုသည်။ သို့ရာတွင်  အသက်ရှင်နေသည်မှာ ကံကောင်းသည်ဟု ဖိနပ်ဆိုင်ပိုင်ရှင်လည်းဖြစ်သော မီရှယ်လီအိုလီဗီအဲရာက ပြောကြားခဲ့သည်။

အပိုင်ယာကာ စည်ပင်သာယာနယ်မြေတွင် နောက်ထပ် လူနှစ်ဦးသေဆုံးသွားသည်ဟု ဆိုသည်။

အခြေအနေသည် ပရမ်းပတာဖြစ်နေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ရီနာတို ကက်ဆာဂရန်းက ပြောကြားခဲ့သည်။ မတ် ၂၄ ရက်တွင် ရေများပြန်ကျသွားသောကြောင့် ကယ်ဆယ်ရေးသမားများသည် ယခင်ကသွား၍မရသော နေရာများကိုသွား၍ရလာသည်ဟု ဆိုသည်။

အနည်းဆုံး လူ ၅,၂၀၀ ကို ၎င်းတို့၏နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။

အိမ်နီးချင်း ရီယိုဒီဂျနေယို ပြည်နယ်တွင် မြေပြိုမှုများကြောင့် အနည်းဆုံးလူရှစ်ဦး သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“နှစ်စဉ် ရေကြီးပါတယ်။ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ ရေကြီးပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ကတော့ ဒီနှစ်မှာ တတိယအကြိမ်မြောက်ရေကြီးတာဖြစ်ပါတယ်”ဟု ဒူကေးဒီကာဆီးယက်ဒေသမှ အသက် ၅၂ နှစ်အရွယ် နီဆဲလ်လီယိုရာမို့စ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent