ရိက္ခာအကူအညီများ လိုအပ်နေသော ဂါဇာကမ်းမြောင်အတွက်  စပိန်သင်္ဘောတစ်စင်း ရိက္ခာများတင်ဆောင်ကာ ထွက်ခွာလာ

ရိက္ခာအကူအညီများ လိုအပ်နေသော ဂါဇာကမ်းမြောင်အတွက်  စပိန်သင်္ဘောတစ်စင်း ရိက္ခာများတင်ဆောင်ကာ ထွက်ခွာလာ
ဆိုက်ပရပ်၏လာနာကာဆိပ်ကမ်း၌ Open Arm သင်္ဘောပေါ်ကို စားနပ်ရိက္ခာများ တင်နေပုံအား မတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဆိုက်ပရပ်၏လာနာကာဆိပ်ကမ်း၌ Open Arm သင်္ဘောပေါ်ကို စားနပ်ရိက္ခာများ တင်နေပုံအား မတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 14 March 2024

ဂါဇာသို့အကူအညီပစ္စည်းများ တင်ဆောင်လာသော စပိန်သင်္ဘောတစ်စီးသည် မတ် ၁၃ ရက်တွင် လမ်းခရီးကိုရောက်နေပြီဖြစ်ရာ စားနပ်ရိက္ခာအကူအညီ အသည်းအသန် လိုအပ်နေသော ပါလက်စတိုင်းပြည်သူများအတွက် ရေကြောင်းမှ အကူအညီများပေးပို့သည့် လမ်းကြောင်းသစ်တစ်ခုဖြစ်လာသည်။

လူသားချင်းစာနာမှု  အခြေအနေများ ပိုမိုဆိုးရွားလာသည့် လက္ခဏာအဖြစ် လူ ၂၇ ဦးသည် အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ကုန် ခန်းခြင်းတို့ဖြင့် သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သေဆုံးသူအများစုမှာ ကလေးများဖြစ်သည်ဟု ဆိုသည်။

ရာမာဒန်ဥပုသ်လမတိုင်မီ အပစ်အခတ်ရပ်စဲရန်နှင့် အကူအညီများ ပို့ဆောင်မှုကို တိုးမြှင့်ရန် သီတင်းပတ်ပေါင်းများစွာ သံတမန်ရေးကြိုးပမ်းမှုများလုပ်ဆောင်ခဲ့သော်လည်း အစ္စရေးနှင့်ဟားမာ့စ်တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် နီးစပ်ခြင်းမရှိဟု ကြားဝင်ဆောင်ရွက်ပေးနေသော ကာတာက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာတောင်ပိုင်းတွင် လောလောလတ်လတ် ဗုံးကြဲသံများကို ကြားရနိုင်သည်ဟု မတ် ၁၃ ရက် စောစောပိုင်းတွင် အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။  ညပိုင်းတွင် တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူ ၇၀ သေဆုံးသွားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်သို့ အကူအညီများကို ကုန်းလမ်းမှ ပေးပို့မှုများအား သိသိသာသာ လျှော့ချလိုက်ခြင်းနှင့်အတူ နိုင်ငံတကာအသိုင်းအဝိုင်းသည် အကူအညီများပေးရေးအတွက် လမ်းကြောင်းများ ပြောင်းလဲခဲ့ရသည်။ ထို့ကြောင့် ရိက္ခာများကို လေယာဉ်များပေါ်မှ ချပေးခြင်း၊ ဆိုက်ပရပ်ရေကြောင်းလမ်းမှ ပို့ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရသည်။

မတ် ၁၂ ရက်တွင် လာနာကာ ဆိပ်ကမ်း မှ ထွက်ခွာလာသော Open Arm အန်ဂျီအိုအဖွဲ့၏သင်္ဘောသည် စားနပ်ရိက္ခာတန်ချိန်  ၂၀၀ ဝန်းကျင်တင်ဆောင်ပြီး မြေထဲပင်လယ်မှ ဂါဇာသို့ မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) ခန့် ခရီးကို နှင်နေပြီဟု အမေရိကန်အန်ဂျီအိုအဖွဲ့ World Central Kitchenက ပြောကြားခဲ့သည်။ တင်လာသော စားနပ်ရိက္ခာများကို ဆိပ်ကမ်းတွင်ချရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဒုတိယသင်္ဘောတစ်စီးကိုလည်း ပြင်ဆင်နေပြီဟု ဆိုက်ပရပ်က ပြောသည်။

အစ္စရေးက စစ်ပွဲအစကတည်းက ဂါဇာကို ၀ိုင်းထားသောကြောင့် ဂါဇာသည် စားနပ်ရိက္ခာနှင့်အခြားသော အခြေခံလိုအပ်ချက်များ အလွန်အမင်း ပြတ်လပ်လျက်ရှိသည်။ ထို့ကြောင့် ဂါဇာတွင် အစားအသောက်စျေး များသည် ထိုးတက်နေသည်ဟု ဆိုသည်။

“စျေးကွက်ထဲ မရနိုင်တာတွေ အများအပြားရှိနေပါတယ်။ တကယ်လို့ အဲဒါတွေကို ဝယ်နိုင်မယ်ဆိုရင်တောင် စျေးတွေ အရမ်းများနေပါတယ်”ဟု ဂါဇာသား,သွားဆရာဝန် ဘာဟာဟာဆူနာက ပြောကြားခဲ့သည်။

အမေရိကန်စစ်သင်္ဘောလေးစီးသည် မတ် ၁၂ ရက်တွင် ဗာဂျီးနီးယားအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်သင်္ဘောများပေါ်တွင် စစ်သား ၁၀၀ ခန့်ပါလာပြီး ဂါဇာကို အကူအညီများ ပို့ဆောင်ပေးရေးအတွက် ယာယီဆိပ်ကမ်းဆောက်ရန် လိုအပ်သော ပစ္စည်းကိရိယာများ လည်းပါဝင်လာသည်ဟု သိရသည်။

ဂါဇာစစ်ပွဲ အချိန်ငါးလကြာမြင့်လာပြီးနောက် အငတ်ဘေးဆိုက်မည်ဟူသော သတိပေးမှုများ အကြိမ်ကြိမ်ရှိလာသည် ့အနေအထားတွင် အကူအညီများပေးနိုင်ရေးအတွက် ဂါဇာတွင် ယာယီဆိပ်ကမ်း ထူထောင်ရန် သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်စစ်တပ် ကို ညွှန်ကြားခဲ့သည်။

ဘိုင်ဒင်သည် မတ် ၇ ရက် ညပိုင်းက ကွန်ဂရက်ကို မိန့်ခွန်းပြောရာတွင် ဂါဇာ အ တွက်ယာယီ ဆိပ်ကမ်းတစ်ခုထူထောင်မည့် ကိစ္စကို ပြောကြားခဲ့သည်။  ယင်းသည် ဂါဇာ၌  လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာသည့်တိုင် အစ္စရေးကိုထောက်ခံနေသည့် ဘိုင်ဒင်အတွက် ဖိအားတစ်ခုဟု ဆိုသည်။                                         Ref:AFP

 

Most Read

Most Recent