ယီမင်ကမ်းလွန်တွင် ဟူရ်သီအဖွဲ့ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များက သင်္ဘောတစ်စင်းကို ထိမှန်ခဲ့

ယီမင်ကမ်းလွန်တွင် ဟူရ်သီအဖွဲ့ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များက သင်္ဘောတစ်စင်းကို ထိမှန်ခဲ့
ယီမင်နိုင်ငံ ပင်လယ်နီကမ်းခြေတွင် ဟူရ်သီသူပုန်များအား တွေ့ရစဉ်(Photo: AP)
ယီမင်နိုင်ငံ ပင်လယ်နီကမ်းခြေတွင် ဟူရ်သီသူပုန်များအား တွေ့ရစဉ်(Photo: AP)
Published 27 April 2024

ယီမင်နိုင်ငံ ကမ်းလွန်တွင် ဧပြီ ၂၆ ရက်က ဟူရ်သီအဖွဲ့ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များသည် သင်္ဘောတစ်စင်းကို ထိမှန်ခဲ့သဖြင့် ထိုသင်္ဘောထိခိုက်ခဲ့ပြီး ယင်းသည် ပင်လယ်နီတွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများကို ပစ်မှတ်ထားနေသည့် ဟူရ်သီအဖွဲ့၏ နောက်ဆုံးတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်သည်။

ဗြိတိန် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်း(UKMTO)၏ ထုတ်ပြန်ချက်တွင် ထိုသင်္ဘောသည် ယီမင်အနောက်တောင်ပိုင်း မိုခါဆိပ်ကမ်း၏ ကမ်းလွန်ရေပြင်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ပထမအကြိမ်တိုက်ခိုက်မှုတွင် သင်္ဘော၏ အနီးဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို သင်္ဘောပေါ်ရှိသင်္ဘောသားများ သိရှိခံစားခဲ့ရကြောင်း UKMTO က X လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဒုံးကျည်နှစ်စင်းပါဝင်သည်ဟု ယူဆရပြီး သင်္ဘောကိုထိခိုက်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဗြိတိန် ပင်လယ်ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey ကလည်း မိုခါဆိပ်ကမ်း၏ ကမ်းလွန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ဒုံးကျည်သုံးစင်းကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ အနီးဆုံးနေရာမှာ ပနားမားအလံတင် လောင်စာတင်သင်္ဘောတစ်စင်းရှိပါတယ်။ အဲဒီသင်္ဘောဟာ အရင်က ဗြိတိန်ပိုင်ဖြစ်ပေမယ့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပိုင်ရှင်ပြောင်းသွားပါတယ်”ဟု Ambrey က ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုသင်္ဘောသည် ဆေးချဲလ်ကျွန်းနိုင်င့တွင် မှတ်ပုံတင်ထားပြီး ရုရှားနိုင်ငံပရီမော့စ်မြို့မှ အိန္ဒိယနိုင်ငံ ဗာဒီနာမြို့သို့ ဦးတည်သွားရောက်နေခြင်းဖြစ်ကြောင်း Ambrey က ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီကလည်း ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့၏ ရေတပ်သည် ဗြိတိန်ပိုင်ရေနံတင်သင်္ဘော Andromeda Star ကို ပင်လယ်နီအတွင်း ရေတပ်ဒုံးကျည်အချို့ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး သင်္ဘောကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ဆာရီက ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM)ကလည်း Andromeda Star သင်္ဘောနှင့် MV Maisha သင်္ဘောတို့ တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သည်။

ဟူရ်သီအဖွဲ့သည် MV MAISHA သင်္ဘော၏အနီးတွင် ဒုံးကျည်သုံးစင်း၊ Andromeda Star သင်္ဘောကို ဒုံးကျည်သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူရ်သီအဖွဲ့နှင့် CENTCOM တို့က X လူမှုမီဒီယာတွင် ရေး သားခဲ့သည်။

MV Andromeda Star သင်္ဘောသည်  အနည်းငယ်ထိခိုက်ခဲ့သော်လည်း သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းဆက်လက် မောင်းနှင်နေကာ ဒဏ်ရာရရှိသူမရှိကြောင်း CENTCOM က ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက်ကလည်း ယီမင်ကမ်းလွန်တွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များသည် ဟူရ်သီသူပုန်တို့က ပစ်လွှတ်သော ဒရုန်းလေးစင်းနှင့် သင်္ဘောဖျက် ဒုံးကျည်တစ်စင်းတို့ကို ပစ်ချခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

အီရန်က ကျောထောက်နောက်ခံပေးထားသော ဟူရ်သီသည် ပင်လယ်နီ၌ ဖြတ်သန်းသွားလာနေသော သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည့် အနေအထားတွင် အမေရိကန်ဦးဆောင် သော ညွန့်ပေါင်းတပ်ဖွဲ့များက ဟူရ်သီ၏ ဒရုန်းများ၊ ဒုံးကျည်များကို ပစ်ချနေရသည်။

ယီမင်၏ ပင်လယ်နီကမ်းရိုးတန်းဒေသအများစုကို ထိန်းချုပ်ထားသော ဟူရ်သီသည် နိုဝင်ဘာကတည်းက သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။

Ref: AFP

Most Read

Most Recent