တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရစဉ် ထိုင်ဝမ်က လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်

တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရစဉ် ထိုင်ဝမ်က လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်
ဇန်နဝါရီ ၃၁ ရက်က ကောင်းရှုံမြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် ထိုင်ဝမ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်(Photo:Reuters)
ဇန်နဝါရီ ၃၁ ရက်က ကောင်းရှုံမြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုအနီးတွင် ထိုင်ဝမ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်(Photo:Reuters)
Published 26 March 2024

မတ်လ ၂၆ ရက်က ထိုင်ဝမ်သည် အမေရိကန်လုပ် ပက်ထရီယော့ဒုံးကျည်များနှင့် လေယာဉ်ပစ်အမြောက်စနစ်များ ဖြန့်ကြက်၍ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို စမ်းသပ်မှုလုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်၏ စစ်ရေးကျူးကျော်မှုများကို ရင်ဆိုင်နေရစဉ် လေ့ကျင့်မှုများ တိုးမြှင့်သွားမည်ဟုလည်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ၎င်းတို့၏ပိုင်နက်နယ် မြေဖြစ်သည်ဟု တရုတ်ကအခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ်စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါးစေ

လွှတ်လေ့ရှိသည်။ တရုတ်သည် ထိုင်ဝမ်ကို လုံးလုံးလျားလျားစစ်ပြုခြင်းထက်စစ်အင်အားပြ ခြိမ်းခြောက်သည့် နည်းဗျူဟာကို အသုံးပြုနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်အင်အားပြခြိမ်းခြောက်နှောင့်ယှက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ မကြာသေးမီလများအတွင်း မိုးပျံပူဖောင်းများ၊ဒရုန်းများနှင့် အရပ်ဘက်သုံးသင်္ဘောများကို ထိုင်ဝမ်အနီးတစ်ဝိုက်သို့ အဆက်မပြတ်စေလွှတ်လျက်ရှိကြောင်း မတ်လ ၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုင်ဝမ်သည် မတ်လ ၂၆ ရက် နံနက် ၅ နာရီမှ ၇ နာရီအတွင်း ပြည်တွင်းထုတ် Sky Bow မြေပြင်မှဝေဟင်ပစ် ဒုံးကျည်၊ အမေရိကန်လုပ် ပက်ထရီယော့မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များနှင့် ကြည်းတပ်နှင့် ရေတပ် တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ်လေတပ်ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

“အဲဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်ဝမ်စစ်တပ်ရဲ့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်အကြား လေကြောင်းကာကွယ်ရေးဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေးတွေမှာ ကွပ်ကဲထိန်းချုပ်နိုင်စွမ်းကို စိစစ်အတည်ပြုဖို့ဖြစ် တယ်”ဟု ထိုင်ဝမ်လေတပ် ကွပ်ကဲမှုဌာနချုပ်က ဆိုသည်။

“တရုတ်စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေဟာ ထိုင်ဝမ်အနီးတစ်ဝိုက်မှာရှိတဲ့ ရေပြင်နဲ့ ဝေဟင်ပိုင်နက်တွေဆီ ကျူးကျော်ဝင်ရောက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေချိန်မှာ ထိုင်ဝမ်လေတပ်ဟာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို တုံ့ပြန်နိုင်ဖို့ လေ့ကျင့်မှုတွေကို ဆက်လက်တိုးမြှင့်ရမှာဖြစ်တယ်”ဟုလည်း ၎င်းဌာနချုပ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ထိုင်ဝမ်ကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ပြောကြားချက်ကို ပယ်ချထားသည်။ ၂၀၁၆ ခုနှစ်တွင် ၎င်းအာဏာရလာပြီးနောက် တရုတ်ကထိုင်ဝမ်နှင့် အဆင့်မြင့် ဆက်ဆံမှုအားလုံးကိုဖြတ်တောက်ခဲ့သည်။

ဆိုင်အင်းဝမ်သည် ရှစ်နှစ်ကြာတာဝန်ထမ်းဆောင်စဉ်အတွင်း ထိုင်ဝမ်၏ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ ရေငုပ်သင်္ဘောနှင့် စစ်သင်္ဘောများ တည်ဆောက်ခြင်း အပါအဝင် စစ်လက်နက်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည်။

မတ်လ ၂၆ ရက်က ဆိုင်သည် ထိုင်ဝမ်အရှေ့မြောက်ပိုင်း ရိလန်ဒေသရှိ ဆူအော်ဆိပ်ကမ်း၌ ပြည်တွင်းထုတ် ထော်ကျန် အတန်းစား ကော်ဗက်စစ်ရေယာဉ်နှစ်စင်းအား လက်ခံရယူသည့် အခမ်းအနားကို ကြီးကြပ်ခဲ့သည်။ ယင်းစစ်သင်္ဘောများကို တစ်နှစ်စော၍ လက်ခံရရှိခဲ့သည့်အတွက်လည်း ၎င်းကချီးကျူးပြောဆိိုခဲ့သည်။              

Ref: AFP

Most Read

Most Recent