ကင်ညာပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ငှက်ဖျားရောဂါ

ကင်ညာပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ငှက်ဖျားရောဂါ
Published 28 April 2024

ရို့စ်ဘယ်လာ အော်ဝူဝါ၏ အလောင်းကို ထည့်သွင်းထားသည့် အခေါင်းကို မြေမြှုပ်သင်္ဂြိုဟ်ချိန်တွင် အသုဘသို့ လိုက်ပါပို့ဆောင်သူများ ၏ ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။

အော်ဝူဝါ၏ ကျန်ရစ်သူ သားငယ်ကို ပြုစုပျိုးထောင်ပေးရမည့် ညီမဖြစ်သူ ဝင်နီအကင်ယီသည် မြေပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်ငိုကြွေးနေသည်။

အော်ဝူဝါသည် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့သည့် ငါးဦးမြောက် မိသားစုဝင်ဖြစ်သည်။

ကင်ညာတွင် ငှက်ဖျားရောဂါသည် ပုံမှန်ဖြစ်နေကျ ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်ပြီး ကုသနိုင်သည့် ရောဂါဖြစ်သော်လည်း ဆင်းရဲမွဲတေသူများသည် ထိုရောဂါကို ကုသရန် ငွေကြေးမတတ်နိုင်ကြသဖြင့် မလိုအပ်ဘဲ အသက်သေဆုံးသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

မီဂိုရီကောင်တီ အနောက်ဘက်ရှိ ၎င်းတို့မိသားစုပိုင်ခြံဝင်းထဲတွင် အခြားသချႋုင်းမြေပုံသုံးခုကိုလည်း မြင်တွေ့ရသည်။

ထိုမြေပုံများမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ကြသည့် အော်ဝူဝါ၏ ခင်ပွန်းနှင့်သားနှစ်ဦး၏ မြေပုံ များဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် အော်ဝူဝါသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖျားနာခဲ့သဖြင့် သက်တမ်းငါးလရှိသည့် ကိုယ်ဝန်သည် ပျက်ကျခဲ့ကာ နောက်ပိုင်းတွင် ငှက်ဖျားဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်း၏ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူသည် ၎င်းတို့ မိသားစုထဲတွင် တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူဖြစ်သည်။

ငှက်ဖျားရောဂါသည် ကင်ညာနိုင်ငံတွင် အများပြည်သူ ကျန်းမာရေး စိန်ခေါ်မှုဖြစ်နေသည်။

ကင်ညာနိုင်ငံ၏ အချို့နေရာအစိတ်အပိုင်းများတွင် ကမ္ဘာ့ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို စမ်း သပ်အသုံးပြုနေမှုနှင့်အတူ အသက် ငါးနှစ်အောက်ကလေးငယ်များ သေဆုံးမှု လျော့ကျခဲ့သည်။

သို့သော် ထိုကာကွယ်ဆေးကို မည်သည့်အချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဆိုသည့် အချက်ကို ကင်ညာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းမရှိပေ။

ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးဒေသများမှာ ကင်ညာ၏ အိန္ဒိယသမုဒ္ဒရား ကမ်းရိုးတန်းကဲ့သို့ အပူချိန်များသည့်နေရာများနှင့် ၀ိတိုရိယရေကန်အနီး အနောက်ဘက်ပိုင်းဒေသကဲ့သို့ မိုးရွာသွန်းမှုများသည့် နေရာများဖြစ်သည်။

ကင်ညာတွင် ၂၀၂၂ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ငါးသန်းခန့်ရှိခဲ့ပြီး သေဆုံးသူ ၁၂၀၀၀ ကျော် ရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသူအများစုမှာ အသက်ငါးနှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များဖြစ်သည်။

ကင်ညာသည် ပိုးသတ်ဆေးစိမ်ထားသည့် ခြင်ထောင်များကို ဝေပေးခြင်း၊ ခြင်ပေါက်ပွားသည့်နေရာများကို ခြင်ဆေးဖျန်းခြင်းနှင့် ရောဂါရှာဖွေကုသမှုများကဲ့သို့ သမားရိုးကျနည်းလမ်းများဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်မှုကို ဆက်လက်လုပ်ဆောင်နေသော်လည်း အဆိုပါ ချဉ်းကပ်လုပ်ဆောင်မှုများသည် တိုးတက်မှု အတက်၊အကျမရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကင်ညာ ငှက်ဖျားတိုက်ဖျက်ရေးကောင်စီ၏ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဝီလီစ်အက်ခ်ဝေးကမူ COVID-19 ကပ်ရောဂါကြောင့် ငှက်ဖျားရောဂါကုသမှုနှင့် ဆေးဝါးများ ဖြန့်ချိမှုကို နှေးကွေးစေခဲ့သည်ဟု ပြောကြားခဲ့သည်။

အာဖရိက၏ နေရာဒေသအချို့တွင် ဆေးယဉ်ပါးငှက်ဖျားရောဂါများဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့သဖြင့် ဆန်းသစ်သည့် ကုထုံးများနှင့် ကုသရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“မျိုးဆက်သစ် ဆေးဝါးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီဆေး ၀ါးတွေဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ဆေးယဉ်ပါးငှက်ဖျားရောဂါတွေကို တန်ပြန်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အခြားလိုအပ်သည့်အရာများမှာ ရန်ပုံငွေနှင့် သယ်ယူပို့ဆောင်ရေး ထောက်ပံ့မှုများပါဝင်သည်ဟု အက်ခ်ဝေးက ပြောကြားခဲ့သည်။

ဝီလ်ဆင် အိုတီယန်နိုအမည်ရှိ အမျိုးသားသည် ငှက်ဖျားရောဂါကြောင့် ဆေးရုံသုံးကြိမ်တက်ခဲ့ရပြီး ကုသမှုများကို ဆက်တိုက်ခံယူခဲ့ရသည်။

“ငှက်ဖျားရောဂါကတော့ ငွေကုန်ကြေးကျများတဲ့ ရောဂါဖြစ်ပါတယ်”ဟု အသက် ၃၃ နှစ်အရွယ် အိုတီယန်နိုက ပြောကြားခဲ့သည်။

                                   Ref:AP

Most Read

Most Recent