ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သား ၁၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သား ၁၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဧပြီ ၃၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် ပြင်သစ်ကောင်စစ်ဝန်ရုံးသစ်ဖွင့်ပွဲကို တက်ရောက်လာသည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖင်စီဂျွန်ကို တွေ့ရစဉ်(Photo:AFP)
ဧပြီ ၃၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် ပြင်သစ်ကောင်စစ်ဝန်ရုံးသစ်ဖွင့်ပွဲကို တက်ရောက်လာသည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖင်စီဂျွန်ကို တွေ့ရစဉ်(Photo:AFP)
Published 4 May 2024

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၁၅၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြင်သစ်က ခန့်မှန်းခဲ့သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖန်စီဂျွန်က မေ ၃ ရက်တွင် ဖော်ပြခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။

စီဂျွန်သည် ရုရှား၏ အမှီအခိုကင်းသည့် Novaya Gazeta Europe သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ယူကရိန်းစစ်ပွဲ သုံးနှစ်အတွင်းသို့ ရောက်ရှိလာချိန်တွင် ရုရှားဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀၀၀၀ ခန့်အပါအဝင် ထိခိုက်သေဆုံးမှုနှုန်းကို ပြင်သစ်က ခန့်မှန်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဥရောပနဲ့ မိတ်ဖက်နိုင်ငံတွေဟာ လို အပ်တဲ့ အချိန်အတိုင်းအတာတစ်ခုအထိ စည်းလုံးညီညွတ်စွာ ရှိနေမှာစြ်ပါတယ်။ ရုရှားစစ်တပ်ရဲ့ ဆုံးရှုံးမှုက ပေါ်လွင်နေပါတယ်။ ရုရှားစစ်တပ်ဟာ သေဆုံးသူ ၁၅၀၀၀၀ အပါ အဝင်ထိခိုက်နစ်နာသူ ၅၀၀၀၀၀ ထက်မ နည်းရှိခဲ့တယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါတွေအားလုံး ဘာအတွက်ကြောင့် ဖြစ်ရတာလဲလို့မေးမယ်ဆိုရင်  ဘာအတွက်ကြောင့်မှ မဟုတ်ဘူးလို့ ဖြေရမှာဖြစ်ပါတယ်” ဟု စီဂျွန်က ပြောသည်။

ရုရှားကမူ ၎င်းတို့ဘက်မှ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကမူ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၁၈၀၀၀၀ ခန့်သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့သည်။

ဗြိတိန်ကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံသား ၄၅၀၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ခန့်မှန်းခဲ့သည်။

ဧပြီလအတွင်း ဘီဘီစီသတင်းဌာနက ၎င်း၏ သတင်းထောက်များ ပေးပို့သည့်သတင်းများနှင့် လွတ်လပ်ပြီးအမှီအခိုကင်းသည့် Mediazona မီဒီယာအုပ်စုနှင့် စေတနာ့ဝန်ထမ်းများ၏ သတင်းများကို ကိုးကားပြီး ရုရှားစစ်သား ၅၀၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဧပြီလက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အထူးစစ်ဆင်ရေးဟု ကြေညာပြီး ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် သွေးစွန်းသည့် စစ်ပွဲဖြစ်ပွားလာခဲ့ကာ အနောက်နိုင်ငံများက ရု ရှားကို ဖယ်ကြဉ်ခဲ့သည်။

စစ်ရေးလေ့လာသူအချို့ကမူ ရုရှားသည် ယူကရိန်းကို အကြီးစားထိုးစစ်အသစ် တစ်ခုပြုလုပ်လုနီးအချိန်တွင် ရှိနေနိုင်သည်ဟု ယူဆထားကြသည်။

ဥရောပသမဂ္ဂတွင် ရုရှား၏ပိုင်ဆိုင်မှုများကို ပိတ်ပင်ထားမှုနှင့်ပတ်သက်ပြီး စီဂျွန်က ပြောကြားခဲ့ရာတွင် ထိုရန်ပုံငွေများကို ယူကရိန်း၏ ကာကွယ်ရေးအတွက် ရန်ပုံငွေထောက်ပံ့ရာတွင် အသုံးပြုဖွယ်ရှိနိုင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

“ငွေလဲနှုန်းတွေ မြင့်တက်မှုနဲ့အတူ ဒီပိုင်ဆိုင်မှုတွေဟာ ၂၀၂၃ ခုနှစ်မှာ ယူရို ၄ ဘီ လျံနီးပါးအထိ ရရှိခဲ့ပါတယ်။ အဲဒါတွေကို ယူကရိန်းရဲ့ကာကွယ်ရေးနဲ့ နိုင်ငံပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ကူညီထောက်ပံ့ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ရုရှား၏ ထိပ်သီးလွတ်လပ်သည့် Novaya Gazeta သတင်းစာ၏ ဂျာနယ်လစ်များသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး Novaya Gazeta Europe သတင်းစာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။    

Ref: AFP

Most Read

Most Recent