ဂါဇာစစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု အစ္စရေးဝန်ကြီးချုပ်က အမေရိကန် ရီပတ်ဘလီကင် ဆီးနိတ်အမတ်များကို ပြောကြား

ဂါဇာစစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု အစ္စရေးဝန်ကြီးချုပ်က အမေရိကန် ရီပတ်ဘလီကင် ဆီးနိတ်အမတ်များကို ပြောကြား
အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကို  တွေ့ရစဉ် (Photo:Reuters)
အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကို  တွေ့ရစဉ် (Photo:Reuters)
Published 21 March 2024

အစ္စရေးသည် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမာ့စ်ကို အနိုင်ရရှိရန် ဆက်လက်ကြိုးပမ်းသွားမည် ဟု မတ် ၂၀ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်ရီ ပတ်ဘလီကင် အထက်လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်ဟု ဆီးနိတ်အမတ်များက သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူပြောတာကို သူလုပ်သွားမှာဖြစ်ပါ တယ်။ သူဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူက အဲဒါကို အပြီးတိုင် လုပ်သွားမှာဖြစ်ပါတယ်”ဟု အထက်လွှတ်တော်အမတ်ဂျင်(မ်)ရစ်ချ်က ပြောကြားခဲ့သည်။

အမေရိကန်ဆီးနိတ်လူများစု ခေါင်းဆောင်ချက်ရှူးမားက အစ္စရေးနိုင်ငံတွင် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် မတ် ၁၄ ရက်တွင် တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်ဘင်ဂျမင်နေ တန်ယာဟုသည် ငြိမ်းချမ်းရေးအတွက် အ ဟန့်အတားဖြစ်သည်ဟု ပြင်းထန်စွာ ဝေဖန်ခဲ့ပြီးနောက် ကွန်ဆာဗေးတစ် အစ္စရေးခေါင်း ဆောင်နေတန်ယာဟုက ဗီဒီယိုလင့်ခ်မှတစ်ဆင့် အမေရိကန် ရီပတ်ဘလီကင် အထက် လွှတ်တော်အမတ်များကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ် ၂၀ ရက်တွင် နေတန်ယာဟုနှင့်အမေရိကန်အထက်လွှတ်တော် အမတ်များ၏ တွေ့ဆုံမှုသည် ၀ါရှင်တန်၏ အစ္စရေး မူဝါဒနှင့်စပ်လျဉ်း၍ နိုင်ငံရေးသဘော သက်ဝင်မှုကို သိသာထင်ရှားစေခဲ့သည်။ နေတန်ယာဟုသည် ရီပတ်ဘလီကင်များနှင့် မဟာမိတ်ဖြစ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ချက်ရှူးမားသည် အစ္စရေးခေါင်းဆောင်ကို ဖယ်ရှားရန် ကြိုးပမ်းနေသည်ဟု ရီပတ်ဘလီကင်များက စွပ်စွဲခဲ့ကြသည်။

“နောက်ဆုံးအခြေအနေကို ပြောပြပေးဖို့ ကျွန်တော်တို့က သူ့ကို မေတ္တာရပ်ခံခဲ့ပါ တယ်။ ကျွန်တော်တို့ဟာ စစ်ပွဲအကြောင်းကို သိခဲ့ရပါတယ်။ ဓားစာခံတွေ ပြန်လွှတ်ပေးရေး ကိစ္စ၊ ဟားမာ့စ်ကို အနိုင်ယူဖို့ ကြိုးပမ်း လုပ် ဆောင်နေတဲ့ ကိစ္စတို့ကို သိခဲ့ရပါတယ်။ အစ္စရေးဟာ သူ့ကိုယ်သူ ခုခံကာကွယ်ခွင့်ရှိနေတယ်လို့ ကျွန်တော်တို့က သူ့ကိုပြောခဲ့ပါ တယ်။ သူတို့ ဆက်လက်လုပ်ဆောင်သွားမယ့် အရာဟာ အဲဒါပဲဆိုတာကို သူက ပြောကြားသွားခဲ့ပါတယ်”ဟု ဆီးနိတ်အမတ် ဂျွန်ဘာရက်ဆိုက ပြောကြားခဲ့သည်။

ကွန်ဂရက်ကို မိန့်ခွန်းပြောကြားရန် နေတန်ယာဟုအား ဖိတ်ကြားမည့် ကိစ္စကို မိမိစဉ်းစားနေသည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သော ရီပတ်ဘလီကင် မိုက်ဂျွန်ဆင်က မတ် ၂၀ ရက် စောစောပိုင်းတွင် ပြော ကြားခဲ့သည်။ ယင်းသို့ ပြည်ပခေါင်းဆောင်များကို ဖိတ်ကြားခြင်းကို မိုက်ဂျွန်ဆင်နှင့် ဆီးနိတ်လူများစု ခေါင်းဆောင် ရှူးမားတို့က ယေဘုယျအားဖြင့် ဆောင်ရွက်ကြရခြင်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သောစစ်ပွဲတွင် ဂါဇာကမ်းမြောင်၌  လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားနေခြင်းနှင့်ပတ်သက်၍ ဒီမိုကရက်ပါတီဝင်များသည် ပါတီတွင်း သဘောထားကွဲမှုများနှင့် လုံးပန်း နေကြရသည်။ နေတန်ယာဟုသည် ဒီမိုကရက်များကို စကားပြောရန် ကမ်းလှမ်းခဲ့သည်ဟု ချက်ရှူးမားအတွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သို့ရာတွင် စကားပြောဆိုမှုများသည် တစ်ဖက်သတ်မကျသင့်ဟု ဆိုကာ ချက်ရှူးမားက ပယ်ချခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က အစ္စရေးနဲ့အစ္စရေးရဲ့ ကာလရှည် အနာဂတ်ကို အလွန်ပဲ အလေး ထားနေတာဖြစ်ပါတယ်။အရေးကိစ္စတစ်ခု ကိုတစ်ဖက်သတ်ထောက်ခံလွန်းနေတာဟာ အစ္စရေးကို အကူအညီပေးနေတဲ့ ကိစ္စကို ထိခိုက်စေပါတယ်”ဟု ချက်ရှူးမားက သတင်းထောက်များကို ပြောကြားခဲ့သည်။

တိုးတက်ပြောင်းလဲရေး ၀ါဒီများက ဂါဇာ၌  ဖြစ်ပေါ်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ရှောင်လွှဲရေးအတွက် သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးကို ဖိအား ပိုပေးရန် တောင်းဆိုခဲ့ကြသည်။ ဂါဇာတွင် အငတ်ဘေးကျရောက်တော့မည်ဟု အန်ဂျီအိုအဖွဲ့များက သတိပေးထားသည်။

                                         Ref:Reuters,AFP

Most Read

Most Recent