ကော့ကရိတ် မြို့တွင်းသို့ ဒေသခံများ ပြန်လည်ဝင်ရောက်

ကော့ကရိတ် မြို့တွင်းသို့ ဒေသခံများ ပြန်လည်ဝင်ရောက်
Published 28 April 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် တပ်မတော်နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့သည့် ဒေသခံများသည် ဧပြီ ၂၇ ရက်မှ စတင်၍ မြို့အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထိုစဉ်ကာလကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲများတွင်ဒေသခံမြို့ခံအချို့ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့မှုများရှိခဲ့သည့်အပြင် မြို့ခံပြည်သူများ၏ နေအိမ်များ နှစ်ဖက်ပစ်ခတ်သည့်လက်နက်ကြီးထိမှန်ပျက်စီးခြင်းနှင့် မီးလောင်မှုများကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီးခဲ့သည်။

''ကော့ကရိတ်ကို ဒေသခံတွေပြန်ဝင်နေကြပြီဆိုတာ ဟုတ်ပါတယ်။ဒါပေမဲ့ သူတို့အိမ်တွေ အများစု ပျက်စီးထားတော့ ဘယ်လိုနေထိုင်ကြမလဲတော့ မသိဘူး။ မြဝတီမှာ လာရှောင်နေတဲ့တစ်ချို့ကတော့ ကိုယ့်အိမ်အခြေအနေကြည့်ဖို့ ကော့ကရိတ်ကိုသွားကြတယ်။ အိမ်တွေက မရှိကြတော့ဘူးလေ။ မီးလောင်တာကော ပျက်စီးတာကော၊ ပျက်စီးကုန်ပြီ။ မြဝတီ-ကော့ကရိတ် အာရှလမ်းကတော့ သွားလို့မရသေးဘူး။ ထို့ကော်ကိုး၊ နဘူး၊ ကော့ကရိတ် လမ်းကသွားရတယ်။ မကြာခင်တော့ နေလို့ရတော့မယ်ထင်ပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ နေအိမ်များ မီးလောင်ပျက်စီးနေမှုနှင့် ပတ်သက်ပြီး နေအိမ်များကို တပ်မတော်က မီးရှို့ခဲ့သည်ဟုလည်းကောင်း၊ KNU၊ PDF ပူးပေါင်းအဖွဲ့များက မီးရှို့ခဲ့သည်ဟုလည်းကောင်း တပ်မတော် နှင့် KNU၊ PDF ပူးပေါင်းအဖွဲ့များအကြား ထိုစဉ်က နှစ်ဘက် အပြန်အလှန် ပြောကြားမှုများရှိခဲ့သည်။

ယခုအခါ မြဝတီမြို့ရှိ မြို့စောင့်တပ် ခလရ(၂၇၅)ကို KNU၊ PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားရာမှ ဧပြီ ၂၃ ရက်တွင် တပ်မတော်က ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ပူးပေါင်း၍ပြန်လည်သိထိန်းချုပ်ခဲ့ပြီးနောက် တစ်ပြိုင်တည်း ကော့ကရိတ်မြို့တွင်လည်း ထိန်းချုပ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်မြို့တွင်  နယ်မြေတည်ငြိမ်အေးချမ်းမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီ ၂၇ ရက် မှစ၍ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်လာကြရာ တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ အများပြည်သူအေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ထိခိုက်ပျက်စီးမှုများ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးခြင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နေအိမ်မီးလောင် ပျက်စီးဆုံးရှုံး အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဆန်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုပုံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နေရပ်ပြန်လည်နေထိုင်သည့် ပြည်သူများအား တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း နစက ကထုတ်ပြန်သည်။

Most Read

Most Recent