ကမ္ဘာ့အပူဆုံးမြို့များအနက် မြန်မာနိုင်ငံမှ ချောက်မြို့မှာ နှစ်ရက်ဆက်တိုက်ထိပ်ဆုံးတွင် ရပ်တည်၊ အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့ပါဝင်

ကမ္ဘာ့အပူဆုံးမြို့များအနက် မြန်မာနိုင်ငံမှ ချောက်မြို့မှာ နှစ်ရက်ဆက်တိုက်ထိပ်ဆုံးတွင် ရပ်တည်၊ အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့ပါဝင်
Published 9 April 2024

ကမ္ဘာ့အပူဆုံးမြို့များအနက် မြန်မာနိုင်ငံမှ ချောက်မြို့မှာ နှစ်ရက်ဆက်တိုက်ထိပ်ဆုံး တွင်ရပ်တည်ခဲ့ပြီး အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှနှစ်မြို့ပါဝင်ကြောင်း eldorado ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၉ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့များအနက် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အပူချိန် ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် အပူဆုံးမြို့အဖြစ် ရပ်တည်ခဲ့သည်။

ချောက်မြို့မှာ ဧပြီ ၈ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့အဖြစ် ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သဖြင့် နှစ်ရက်ဆက်တိုက်ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၉ ရက်တွင် ချောက်မြို့အပြင် မကွေးမြို့မှာလည်း ထိပ်ဆုံး ၁၅ မြို့စာရင်းတွင်ပါဝင် ခဲ့သည်ကို တွေ့ရသည်။

မကွေးမြို့မှာ အပူချိန် ၄၃. ၇ ဒီဂရီစင်တီ ဂရိတ်ဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၈ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၀ မြို့တွင် မြန်မာနိုင်ငံမှ ချောက်၊ မင်းဘူး၊ ညောင်ဦး၊ မကွေး၊ မန္တလေးမြို့များ ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေး တိုင်းဒေသကြီး ချောက်မြို့မှာ ဧပြီ ၆ ရက်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူချိန်စံချိန်သစ် တင်ခဲ့သည်ဟု သိရသည်။

နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း၊ အလားတူ ညောင်ဦးမြို့၌ စခန်းဖွင့် သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အတွင်းအမြင့် ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှ ဒေသအနှံ့  သမိုင်းတွင်စေသည့် အပူလှိုင်း ကျရောက်နေသည်ဟု ရာသီဥတုပညာရှင်နှင့် မိုးလေဝသသမိုင်းပညာရှင်ဖြစ်သည့် မက်စီမီလီယာနို ဟာရဲရားက ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှတွင် ဧပြီလအစောပိုင်းက အပူချိန်သည် မကြုံစဖူးအခြေအနေအဖြစ် ယခုသီတင်းပတ်တွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊  မြန်မာနိုင်ငံအလယ်ပိုင်းမင်းဘူးမြို့တွင် အပူချိန်သည် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိမှုအပါအဝင် အရှေ့တောင်အာရှ၏ ရာသီဥတုသမိုင်းတွင် ယခုလအတွင်း ထိုကဲ့သို့ မြင့်မားသည့်အပူချိန်များသည် စောစီးစွာရောက်ရှိခဲ့ကြောင်း ၎င်းက X လူမှု မီဒီယာတွင် ထပ်မံရေးသားခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်နှင့်အထက်ရှိသည့် အပူချိန်များ မြင့်တက်ခဲ့သည့် ဖေဖော်ဝါရီလကလည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က ထိုဒေသသည် ဆိုးရွားသည့် အပူချိန်နှင့်ကြုံတွေ့ခဲ့ရ ကြောင်း ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်အပြင် လူသားများကြောင့် ထိခိုက်ခဲ့ရသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် အရှေ့တောင်အာရှတွင် ပိုမိုပူပြင်းခြောက်သွေ့လာခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Most Read

Most Recent