လျှပ်စစ်ဓာတ်အား ရန်ကုန်မြို့တွင် တစ်ရက်လျှင် ၂ နာရီ ပိုတိုးပေးမယ်ဟုဆိုသော်လည်း အချို့မြို့နယ်များတွင် မီး ပျက်ချိန်နှင့် ပြန်လာချိန် တိတိကျကျမဖြစ်၍ အခက်အခဲများရှိနေသည်ဟု ဝေဖန်မှုများရှိနေကြောင်း သိရသည်။
" မီးက ဘယ်အချိန်လာမလဲ ဘယ်အချိန်ပြတ်မလဲက မှန်းလို့မရဘူးဖြစ်နေတယ်။ အရင်က အလှည့်ကျစနစ်နဲ့ပေးတယ်ဆိုတော့ ဘယ်အချိန်ဆိုလာမယ် ဘယ်အချိန်ဆိုပြတ်မယ်ဆိုတာ မှန်းလို့ရတယ်။
အခုက မီးပိုတိုးပေးမယ်ပြောထားလည်း မီးကပြတ်နေတယ်။ ဘယ်အချိန်လာမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ မနေ့ညကဆို ၉ နာရီဆိုပြတ်မှာ။ ခဏတော့ ပြတ်လိုက်သေးတယ်။ ပြီးတော့ပြန်လာပြန်ရော။ မနက်ကျတော့လာရမယ့်အချိန်ကျတော့ ပြတ်နေပြန်ရော" ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် လျှပ်စစ်မီး ရရှိချိန်တွင်လည်း မီးအားမမှန်ခြင်းများကို ကြုံတွေ့နေရသည်ဟု တောင်ဒဂုံမြို့နယ် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
" တောင်ဒဂုံဘက်မှာ မီးပြတ်တာများတယ်။ လာရင်လည်း မီးအားမမှန်ဘူး။ ကျရင်လည်းကျတယ်။ တက်ရင်လည်းတက်တော့ လျှပ်စစ်ပစ္စည်းတွေကို သတိထားကြည့်နေရတယ်" ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။
အလားတူ မန္တလေးမြို့တွင်လည်း လျှပ်စစ်မီးရရှိမှုမှာ ယခင်ကထက် နည်းပါးလာသည်ဟု ဒေသခံအချို့က ပြောကြားသည်။
" ပုံမှန် ၄ နာရီလောက်လာရမှာကို အခုနောက်ပိုင်း လေးနာရီအပြည့်မရဘူး။ ရတဲ့အချိန်မှာ ပြတ်တာနဲ့ဆို နှစ်နာရီပဲ ရတယ်။ လေးနာရီအပြည့်မရဘူး" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၈ နာရီ မှ နာရီ ၂၀ အထိ၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၆ နာရီမှ ၁၈ နာရီ၊ ကျန်တိုင်းဒေသကြီးများ ၌ အနည်းဆုံး ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ် စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရုံးအမှတ် ၂၇၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသော သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိအောင်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့်အစီအမံများကို ချမှတ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိတိုးမြှင့်၍လည်း ကောင်း၊မန္တလေးတိုင်း ဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍ လည်းကောင်း၊ အခြားပြည်နယ်/တိုင်းဒေသကြီးများအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစားအနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးခြင်းကို စတင်တိုးမြှင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်း မီတာအလုံးရေ ၁၇ သိန်း ၇ သောင်းခန့်ရှိပြီး ပြီးခဲ့သည့် နှစ်ရက်ကျော်မှစကာ ရန်ကုန်တိုင်းအတွက် လျှပ်စစ်ခွဲတမ်းပိုမိုရရှိထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
" ရန်ကုန်တိုင်းကတစ်ရက်ကို ယူနစ် သန်း ၃၀ လောက်ရတယ်။ ပြီးခဲ့တဲ့နှစ်ရက်မှာ ၃၂ ဒသမ ၅ သန်း တိုးရတယ်။ အဲ့ဒါကြောင့် ည ၉ နာရီကနေ မနက် ၅ နာရီအတွင်းမှာ တိုးပြီးပေးဖို့စီစဉ်တာ" ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
လက်ရှိတွင် ယခင်က ညအိပ်ချိန် နံနက် ၁ နာရီမှ ၅ နာရီအတွင်းသာ ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် ည ၉ နာရီမှ ၅ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် ပေးထားကြောင်း၊ သို့သော်အချို့နေရာများတွင် လျှပ်စစ်မီးကို နောက်ကျမှသာရရှိနိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
" ကျွန်တော်တို့က ပထမပိုင်းမှာ လျှပ်စစ်ဓာတ်အားပေးနေတာက မနက် ၅ နာရီကနေ ည ၉ နာရီအထိ စုစုပေါင်း ၁၆ နာရီရှိတယ်။ အဲ့ဒီ ၁၆ နာရီထဲကနေမှ ပုံမှန်အလှည့်ကျကို ၄ နာရီခြား ၄ နာရီခြားနဲ့ တစ်နေ့ကို ၈ နာရီ ရကြတယ်။ ပြီးတော့ ည ၉ နာရီကနေ နောက်တနေ့မနက် ၅ အထိ အဲ့ဒီအတွင်းမှာ ၈ နာရီကို ဓာတ်အားပေးနိုင်ဖို့ စီစဉ်ခဲ့တာပေါ့နော်။ ကျွန်တော်တို့ တနိုင်ငံလုံးမှာ ထုတ်တဲ့ပမာဏနဲ့ ဖြန့်တဲ့ပမာဏမှာ ဖြန့်တဲ့ပမာဏက များနေတော့ မီးအားကျတာတို့ အရေးပေါ် တချို့လိုင်းတွေကိုပိတ်ပြီးတော့မှ ဓာတ်အားထိန်းသိမ်းရတာတွေ ဖြစ်လာတယ်။ အဲ့ဒီလိုဖြစ်လာတော့ နာရီအနေနဲ့တွက်မယ်ဆိုရင်တော့ တချို့ မီးသုံးသူတွေက မီးပိုရတယ်လို့ပြောပေမယ့် တချို့ဓာတ်အားလိုင်းတွေမှာကျတော့ ရရမယ့်အချိန်မှာ မီးမရတာမျိုးတွေ ဖြစ်သွားတယ်။ အဓိကအခက်အခဲက အဲ့ဒီဟာပါ" ဟု ၎င်းကပြောကြားသည်။
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခရိုင်ရှိသဖြင့် ခရိုင်တစ်ခုလျှင် နာရီဝက်စီခြားကာ လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးရကြောင်း၊ တပြိုင်နက်တည်း လျှပ်စစ်ဓာတ်အား လွှတ်လိုက်ပါက ဝန်အားမနိုင်ခြင်းများကြုံတွေ့ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
" မီးလာတာနဲ့ တပြိုင်နက်တည်း ရေတွေတင်ကြတယ်။ အဲကွန်းတွေဖွင့်ကြတယ်။ နောက်ပြီးတော့ မီးသုံးရတဲ့ဟာ အားလုံးကတပြိုင်နက်တည်း သုံးကြတယ်။ အဲ့ဒါကြောင့်တချို့နေရာတွေကို ဓာတ်အားခဏပိတ်ပြီး မီးလွှတ်ရတဲ့ အနေအထားရှိတယ်။ မနေ့ကဆိုရင် အဲ့ဒီလို Effect ဖြစ်တာပေါ့။ ကျွန်တော်တို့ ၉ နာရီမှာ စလွှတ်မယ်လို့ ပြင်ဆင်ထားပေမယ့် တခရိုင်ချင်း တခရိုင်ချင်း။ ကျွန်တော်တို့မှာ လေးခရိုင်ရှိတော့ တခရိုင်ချင်းကို နာရီဝက်လောက်ခြားပြီးမှ မီးပေးရတဲ့အခါကျတော့ မနေ့က အဲ့ဒီ Effect ဖြစ်တာ။ မြို့ထဲပိုင်းတွေမှာဆိုရင် ည ၉ နာရီမှာ မီးပြန်လာလိမ့်မယ်။ နောက်တခါ မြောက်ဒဂုံတို့ တောင်ဒဂုံတို့ဆိုရင် နာရီဝက်ဆီခြားပြီးမှ မီးပြန်တင်လို့ရမယ်။ တပြိုင်နက်တည်း တင်လို့မရဘူး။ ကျွန်တော်တို့ကလည်း တပြိုင်နက်တည်း မီးပေးလိုက်တဲ့အခါကျရင်လည်း တတိုင်းပြည်လုံး မှောင်သွားမယ့်အခြေအနေရှိတော့ ထိန်းပြီးတော့ လုပ်ပေးနေတယ်။ နောက်တခုက ရုံးဖွင့်ရက်နဲ့ဘပိတ်ရက်မတူပါဘူး။ စနေ၊ တနင်းဂနွေဆိုရင် မီးရတာ ပိုပါလိမ့်မယ်။ စက်မှုဇုန်တွေမှာ အလုပ်ရုံတွေ ပိတ်ကြတဲ့အခါကျရင် အများပြည်သူက မီးပိုပြီးတော့ ရကြပါလိမ့်မယ်" ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
လက်ရှိတွင် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် အလုပ်လုပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
" မနေ့က စက်ပေါလစ်တိုက်မယ်ဆိုပြီး ကားပိုင်ရှင်နဲ့ချိန်းထားတယ်။ လာတော့ တိုက်မယ်လုပ်တာ မီးပြတ်သွားတယ်။ တော်တော်လေးကြာတယ်။ ကားပိုင်ရှင်လည်း မစောင့်နိုင်လို့ မှန်ပဲတိုက်ပြီး ပြန်ထွက် သွားရတယ်" ဟု ကားအလှဆင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်က လျှပ်စစ်မီးပြတ်တောက်မှုမှာ နာရီအတိအကျရှိနေသဖြင့် အလုပ်လုပ်ကိုင်ရာတွင် အခက်အခဲမရှိသော်လည်း လက်ရှိတွင် လျှပ်စစ်မီး ပြတ်တောက်မှုမှာ မည်သည့်အချိန်တွင်ပြတ်မည်၊ လာမည်ဆိုသည်ကို မသိရှိရသဖြင့် အခက်အခဲများရှိနေသည်ဟုအသေးစားစီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။















