ဝါရှင်တန်မြို့၌ အစ္စရေးနှင့် လက်ဘနွန် တို့၏အပြုသဘောဆောင်သော ဆွေးနွေးမှု များရှိခဲ့ပြီးနောက် နှစ်ဖက်စလုံးက တိုက်ရိုက် ဆွေးနွေးရန် သဘောတူခဲ့ကြသည်ဟု ဧပြီ ၁၄ ရက်တွင် အမေရိကန်က ပြောကြားခဲ့သည်။
“ဆွေးနွေးပွဲတက်ရောက်သူတွေက အစ္စရေးနဲ့လက်ဘနွန်တို့ တိုက်ရိုက်ဆွေးနွေးတာတွေ လုပ်မယ့်အဆင့်တွေနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီပီးဂေါ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အပြန်အလှန်သဘောတူထားတဲ့ အချိန်နဲ့နေရာမှာ နှစ်ဖက်စလုံးက တိုက်ရိုက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်”ဟု ပီးဂေါ့က ဖော်ပြခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်သံတမန်တို့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကြားဝင်ဆောင်ရွက်ပေးသည့် နှစ်နာရီကျော်ကြာမြင့်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အီရန်လိုလားသောဟစ်ဇဘိုလာက အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်သည် ဒေသတစ်ဝန်းဖြစ်ပွားသော အီရန်စစ်ပွဲတွင် မတ်လ ၂ ရက်၌ ပါဝင်လာခဲ့သည်။
ယင်းသို့စစ်ပွဲတွင် ပါဝင်ခဲ့ပြီးနောက် လက်ဘနွန်ကို အစ္စရေးက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူတစ်သန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။
အစ္စရေးမြေပြင်တပ်ဖွဲ့များက လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်ဝင် ရောက်ခဲ့သည်။
■Ref: AFP
■Photo: AFP















