တောင်ကြီးမြို့တွင် သင်္ကြန်ကာလ ရိုးရာဓလေ့တစ်ခုဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူနှင့် ဘုရားကိုးဆူ မြတ်စွာဘုရားဆွမ်းလောင်းလှူပွဲများ အစဥ်အလာမပြတ် ပြုလုပ်

တောင်ကြီးမြို့တွင် သင်္ကြန်ကာလ ရိုးရာဓလေ့တစ်ခုဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူနှင့် ဘုရားကိုးဆူ မြတ်စွာဘုရားဆွမ်းလောင်းလှူပွဲများ အစဥ်အလာမပြတ် ပြုလုပ်
Published 15 April 2024
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ၊ သင်္ကြန်ကာလ ၊ ရိုးရာဓလေ့တစ်ခုဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရား ဆွမ်းလောင်းလှူပွဲကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်(သကြ်န်အ ကြို မှ မြန်မာနှစ်ဆန်းတစ်ရက် )အထိ နှစ်စဉ်မပြတ် ရပ်ကွက်နှင့် ဘုန်းကြီးကျောင်းများတွင် ပြုလုပ် လျက်ရှိသည်။

တောင်ကြီးမြို့ ကန်သာ ဓမ္မာရုံ ၊ တောင်ကျောင်းကြီး ကျောင်းတိုက်နှင့် အရိယဝံသ မြို့ဦး ကျောင်းတိုက် တို့တွင် ဘုရားဆွမ်းကပ်သူများ စည်ကားနေသည်ကို တွေ့ရသည်။

ထိုသို့ လာရောက်သော ဧည့်ပရိသတ်များကိုလည်း ကောက်ညင်းပေါင်း အကြော်စုံ၊ ကြာစံဟင်းခါး တို့ဖြင့် စတုဒီသာ ပြန်လည်ကျွေးမွေးသည်ကိုလည်း တွေ့ရသည်။

ယခုနှစ် ကုန်းသာကျောင်း နှင့် ချမ်းသာရပ်ကွက်ရုံးတို့တွင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

၂၀၂၀ ပြည့်နှစ်မှ စတင်၍ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် ဘုရားကိုးဆူ ဆွမ်းလောင်းလှူပွဲ သုံးနှစ်ကြာ ကျင်းပနိုင်ခြင်း မရှိဘဲ ယမန်နှစ်မှ စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ ရပ်ကွက်ပေါင်း (၂၂) ရပ်ကွက်တို့ရှိ ဓမ္မာရုံများတွင်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း များတွင်လည်းကောင်း နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ဆွမ်းလောင်းလှူပွဲကို တောင်ကြီးမြို့တွင် နှစ်ပေါင်း (၈၀) ကျော် ကပင် စတင်ကျင်းပလာခဲ့ကြခြင်းဖြစ်ပြီး၊ ယနေ့ထက်တိုင်အောင် ဆွမ်းလောင်းလှူသည့် ဓလေ့ စည်ကားစွာ ကျင်းပနေမြဲပင်ဖြစ်သည်။

ကန်သာဓမ္မာရုံ၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ဆွမ်းလောင်းလှူပွဲ အဖြစ် ပြုလုပ်ကြပြီး၊ တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး၊ မင်္ဂလာဦး ရပ်ကွက်ရှိ မြို့ဦးကျောင်း တို့တွင် ဘုရားကိုးဆူ ဆွမ်းလောင်းလှူပွဲ ပြုလုပ်ကြခြင်း ဖြစ်သည်။ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ကို ရည်မှန်း၍ ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်၊ သစ်သီးချိုချဉ် တို့ဖြင့် ဆပ်ကပ် လှူဒါန်းကြခြင်းဖြစ်ပြီး၊ ဘုရားကိုးဆူ ဆွမ်းလောင်းပွဲတွင် မြတ်စွာဘုရား ကိုးဆူနှင့် ရဟန္တာ(၄)ဆူ ပေါင်း(၁၃)ဆူ တို့အား ဘုရားကျောင်းဆောင်ကို ပတ်၍ နံပါတ်စဉ်အလိုက် ဆွမ်းလောင်းလှူကြခြင်း ဖြစ်သည်။

ထိုသို့ နှစ်စဉ်မပြတ် ကျင်းပလာသည့် မြတ်စွာဘုရားဆွမ်းလောင်းပွဲကို နံနက်စောစော ၃ နာရီခွဲအချိန်မှ စတင်၍ နံနက် ၇ နာရီအချိန်ထိ ရပ်ကွက်အသီးသီးတို့မှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် ရပ်ကွက်အလိုက်၊ ဘုန်းကြီးကျောင်းအလိုက် လှည့်လည်ကြကာ အစုလိုက် ဆွမ်းလောင်းလှူကြခြင်းဖြစ်ပြီး၊ ဘုန်းကြီးကျောင်းနှင့် ရပ်ကွက်ဓမ္မာရုံများတွင် လူဦးရေပေါင်း ထောင်ပေါင်းများစွာတို့သည် နေ့စဉ် လာရောက် အာရုံဆွမ်းကပ် လှူဒါန်းလေ့ ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပထမဦးစွာ တည်ရှိခဲ့သော မြို့တည်ကျောင်းများအဖြစ် ပထမတောင်ကျောင်းကြီး စာသင်တိုက်၊ ကုန်းသာဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာဦး ရပ်ကွက်တွင်းရှိ မြို့ဦးဘုန်းတော်ကြီးကျောင်း တို့တွင် ရှေးယခင်နှစ်ပေါင်း ၇၀ ကျော် ထဲက အစဉ်အလာမပျက်ကျင်းပလာကြခြင်းဖြစ်ကာ၊ ယခုလို အခါကြီး ရက်ကြီး သင်္ကြန်တွင်း ရက်များတွင် ဘုန်းကြီးကျောင်းများတွင် သင်္ကြန်ကာလ ငါးရက် အာရုံဆွမ်းလောင်း လှူပွဲများကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

နေ့တစ်နေ့၏ အစ အာရုံမနက်ခင်းတွင် မြတ်စွာဘုရားအား ဆွမ်းတော် ကပ်လှူရသော ဒါနကုသိုလ်၊ သီလ ကုသိုလ် တို့ကို ပြုလုပ်ပြီးမှသာလျှင် နေ့လည်ခင်း ဘုရားသွား ကျောင်းတက်ပြီး၊ ရေပက်ကစားကာ ပျော်ရွှင်ကြ သော ရိုးရာဓလေ့တစ်ခုဖြစ်ပြီး၊ မိမိတို့၏ ကလေးငယ်များကိုလည်း ဆွမ်းလောင်းပွဲကို ခေါ်ဆောင်လှူဒါန်း စေခြင်း အားဖြင့် ရိုးရာဓလေ့ကို လက်ဆင့်ကမ်း ကြခြင်းလည်း ဖြစ်သည်။

ထိုသို့ ရရှိလာသော ဆွမ်းထမင်းများကို တောင်ပေါ်ကျောင်းများကို ပြန်လည်ပို့ဆောင်ခြင်းအားဖြင့် အဆိုပါ ကျောင်းများတွင် လာရောက်ကြသော ဘုန်းကြီးကျောင်းတက် လူထုကို ထမင်းပြန်လည်ကျွေးမွေးခြင်း ဖြစ်ပြီး၊ တချို့ကျောင်းများသည် တောင်ကြီးမြို့အနီးအနားရှိ လိုအပ်နေသော ပရဟိတကျောင်းများ၊ ဘ/က ကျောင်း များသို့ သွားရောက်ကာ ပြန်လည်လှူဒါန်းခြင်း ပြုလုပ်ကြောင်း သိရသည်။

တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးတွင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်သော ဘုရားကိုးဆူ ဆွမ်းလောင်းလှူပွဲတွင် ဘုရားကိုးဆူ ၊ ဘုရား၊ ရှင်သီဝလိ၊ ရှင်ဥပဂုတ္တ ၊ သာသနပွဲ တို့ပါဝင်မည်ဖြစ်ပြီး၊ ကျောင်းဆောင်ရှေ့တွင် သပိတ်များအလိုက် ချထားခြင်းဖြစ်ပြီး ကျောင်းဆောင်ကို ပတ်၍ နံပါတ်စဉ်အလိုက် ဆွမ်းလောင်းလှူကြခြင်းဖြစ်ကာ၊ နံနက်ပိုင်း ၃ နာရီခွဲမှ စတင်လာရောက် လောင်းလှူကြပြီး၊ နံနက် ၆ နာရီအချိန်တွင် ဘုရားကိုးဆူကို ရည်မှန်း၍ ကိုးဆူဆွမ်းကပ်ခြင်းကို သံဃာတော်များအား မနက်စာ ကပ်လှူ ကြခြင်း ဖြစ်သည်။

Most Read

Most Recent