မြဝတီမြို့အနီးတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး နေအိမ်စွန့်ခွာထွက်ပြေးရသူ ထောင်နှင့်ချီရှိလာကာ စားသောက်ရေးအခက်အခဲရှိနေကြောင်း သိရ

မြဝတီမြို့အနီးတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး နေအိမ်စွန့်ခွာထွက်ပြေးရသူ ထောင်နှင့်ချီရှိလာကာ စားသောက်ရေးအခက်အခဲရှိနေကြောင်း သိရ
Published 19 March 2024

ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်း၊ ခြေတော်ရာဘုရားကုန်း ပတ်ဝန်းကျင်တို့တွင် ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်ထိကာ လူသေဆုံးခြင်း၊ နေအိမ်မီးလောင်ခြင်းနှင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ထောင်ပေါင်းများစွာရှိလာကြောင်း သိရသည်။

သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် မတ် ၇ ရက်မှစတင်ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုမှာ ကျယ်ပြန့်လာပြီး ဗုံးဆန်နှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးအထက်ရှိကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

သင်္ဃန်းညီနောင်ရွာသစ်ရပ်ကွက်တွင် နှစ်ဖက်တိုက်ပွဲစဖြစ်စဉ်ကပင် နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ပြီး မတ် ၁၈ ရက် ညတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ဝှေ့ရှမ်းကျေးရွာ၌ နေအိမ်အများအပြားပျက်စီးခဲ့ကာ မီးလောင်ကျွမ်းခြင်းများလည်းရှိကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရာ စစ်ရှောင်စခန်း ၁၇ ခုတွင် ပြည်သူ ၃၀၀၀ ကျော်ခိုလှုံနေရပြီး မြဝတီမြို့ပေါ်ရှိ ဆွေမျိုးများ၏ အိမ်နှင့် အိမ်ငှားရမ်းနေထိုင်သူ တစ်ထောင်ခန့်ရှိကြောင်း လူမှုကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

စစ်ရှောင်သူများပြားပြီး စားသောက်ရေးအခက်အခဲဖြစ်ကာ အလှူရှင်လိုအပ်လျက်ရှိကြောင်းနှင့် စစ်ရှောင်စခန်းများမှာ အမှတ် (၃) ရပ်ကွက် ဓမ္မာရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၀၀ ဦးခန့်၊ အထက (၂) တွင် ၂၀၀ ဦးခန့်၊ ကြံခင်းဓမ္မာရုံတွင် ၅၀ ဦးခန့်၊ ရေပူတောင်ပေါ်ကျောင်းတွင် ၄၀၀ ဦးခန့်၊ ရေပူအောက်ကျောင်းတွင် ၅၀ ဦးခန့်၊ ရေပူကြံတိုင်းအောင်ကျောင်းတွင် ၅၀ ဦးခန့်၊ ရေပူလေးမျက်နှာဘုရားတွင် ၅၀ ဦးခန့်၊ ချောင်းဆုံဘုန်းကြီးကျောင်းတွင် ၄၀၀ ဦးခန့်၊ ဇရပ်ဖြူကုန်းဘုန်းတော်ကြီးကျောင်းတွင် ၄၀၀ ဦးခန့်၊ ဝှေ့ရှမ်းစာသင်ကျောင်းတွင်၂၀၀ ဦးခန့်၊ မဲကနယ်မင်္ဂလာဦးကျောင်းတွင်၂၀၀ ဦးခန့်၊ မဲကနယ်နဂါးရုံဘုရားတွင် ၅၀ ဦးခန့်၊ မဲ့ကနယ်ချမ်းမြေ့ရိပ်သာတွင် ၂၀၀ ဦးခန့်၊ မြေနီကုန်း ဗောဓိရိပ်သာတွင် ၁၅၀ ဦးခန့်၊ ရွှေမြစန္ဒီသစ္စသုတတွင် ၅၀ ဦးခန့်၊ မယ့်ထော်သလေးဘုန်းကြီးကျောင်းတွင် ၂၀၀ ဦးခန့်၊ ညောင်နန်းသာ ဘုန်းတော်ကြီးကျောင်းတွင် ၁၀၀ ဦးခန့် စသည်ဖြင့် ခိုလှုံနေကြရပြီး အများစုမှာ စားသောက်ရေး ခက်ခဲလျက်ရှိသည်ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်နေသည့် ပရဟိတအသင်းသားများက ပြောကြားသည်။

Most Read

Most Recent