ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၂၂ စင်းနှင့် ဒရုန်းများကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၂၂ စင်းနှင့် ဒရုန်းများကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
တရုတ်စစ်တပ်၏ Su 30 တိုက်လေယာဉ်များကို တွေ့ရစဉ်(Photo: PLA)
တရုတ်စစ်တပ်၏ Su 30 တိုက်လေယာဉ်များကို တွေ့ရစဉ်(Photo: PLA)
Published 27 April 2024

ထိုင်ဝမ်ကျွန်းအနီးတွင် သုံးနာရီမပြည့် မီအချိန်တွင်း တရုတ်စစ်လေယာဉ် ၂၂ စင်းနှင့် ဒရုန်းများကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်တွင် သမ္မတသစ် လိုင်ချင်တယ်  ကျမ်းသစ္စာကျိန်ဆိုမည့် မေ ၂၀ ရက်မတိုင်မီ တစ်လပင် မလိုတော့သည့်အချိန်တွင် တရုတ်၏ လေယာဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်က လိုင်ချင်တယ်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် ရှုမြင်ထားသည်။

“ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲကစပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေယာဉ် ၂၂ စင်းရဲ့ လှုပ်ရှားမှုတွေကို မိမိတို့ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်”ဟု နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုလေယာဉ်များအနက် ၁၂ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ကျော်ဖြတ်ခဲ့ပြီး ထိုင်ဝမ်၏ လေကြောင်းကာ ကွယ်ရေးအထူးသတ်မှတ်ဇုန်မြောက်ပိုင်းနှင့် အလယ်ပိုင်းကို ဝင်ရောက်ခဲ့ကြောင်း၊ ထို စစ် လေယာဉ်များနှင့်အတူ ဒရုန်းများနှင့် ရေတပ်သင်္ဘောများက ပူးတွဲတိုက်ခိုက်ရေး ကင်းလှည့်မှုများကို ပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကီလိုမီတာ ၁၈၀ (မိုင် ၁၁၀) ရှည်လျားသည့် ထိုင်ဝမ်ရေလက်ကြားသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ပိုင်းခြားထားသည့် ရေလက်ကြားဖြစ်ပြီး ထိုရေလက်ကြား၏ အလယ်စည်းသည် တရားမဝင်နယ်စပ်စည်း အဖြစ် ရှုမြင်ခံခဲ့ရသည်။

တရုတ်ကမူ ထိုအလယ်စည်းကို အသိအမှတ်ပြုခြင်းမရှိဘဲ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ၎င်း၏နယ်နိမိတ်ဖြစ်ကြောင်းပြောကြားခဲ့ကာ လိုအပ်လာပါက အင်အားသုံးပြီး ထိန်းချုပ်သွားမည်ဟု ကြေ ညာထားသည်။

ထိုင်ဝမ်သမ္မတ ဆန်အင်ဝမ်၏အစိုးရ လက်ထက်တွင် တရုတ်နှင့်ထိုင်ဝမ်အကြားတင်းမာမှုများမြင့်တက်ခဲ့ပြီး ဆန်နှင့် ၎င်း၏ အစိုးရက ထိုင်ဝမ်သည် တရုတ်၏နယ်မြေဖြစ်သည်ဆိုသည့် တရုတ်၏ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။

၎င်း၏ လက်ထောက်ဖြစ်သည့် ဒုတိယသမ္မတ လိုင်ချင်တယ်သည် ထိုင်ဝမ်ကို စစ်ပွဲဖြစ်စေလိမ့်မည်ဟု တရုတ်က သတိပေးခဲ့သည့်တိုင် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အမေရိကန်နှင့် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအတွင်းရှိ နိုင်ငံရေးအရ အကဲဆတ်သည့်နေရာများအနီးအပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေချိန်တွင် ထိုင်ဝမ်အနီး၌ တရုတ်စစ်လေယာဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်ကို မျက်နှာမူထားသည့် ရေပြင်များတွင် ရန်သူများက သိမ်းပိုက်ထားသည့် ကျွန်းများကို ပြန်လည်သိမ်းယူသည့်ပုံစံဖြင့် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများလည်း ပါဝင်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ ရေပြင်ပိုင်နက် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းကြေညာထားသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

မကြာသေးမီးကလည်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

Ref: AFP

Most Read

Most Recent