တောင်ပိုင်းဂါဇာစီးတီးမှ အရပ်သားများ ရွှေ့ပြောင်းရမည်ဟု ပြောကြားခဲ့သော အစ္စရေးက ရာဖာကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်

တောင်ပိုင်းဂါဇာစီးတီးမှ အရပ်သားများ ရွှေ့ပြောင်းရမည်ဟု ပြောကြားခဲ့သော အစ္စရေးက ရာဖာကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်
Photo: AFP
Photo: AFP
Published 26 April 2024

တောင်ပိုင်း ဂါဇာစီးတီးမှ အရပ်သားများရွှေ့ပြောင်းရမည်ဟု ပြောကြားခဲ့ပြီးနောက် အစ္စရေးက ရာဖာကို ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်။

ရာဖာကို စစ်ဆင်ရေးလုပ်ခြင်းက လူအများအပြား ထိခိုက်သေဆုံးနိုင်သည်ဟု မဟာမိတ်များက သတိပေးနေသည့်တိုင် အစ္စရေးကရာဖာကို လေကြောင်းထိုးစစ်များ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။

ဧပြီ ၂၅ ရက် စောစောပိုင်းတွင် ရာဖာကိုအစ္စရေးလေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ရှိခဲ့သည်ဟု အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်ရှိ ဆရာဝန်များကပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများအတွင်း အနည်းဆုံး နေအိမ်သုံးလုံး ထိမှန်ခဲ့သဖြင့် ဒေသခံသတင်းထောက်တစ်ဦးအပါအဝင် အနည်းဆုံးလူ ခြောက်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

“ရာဖာမှာဖြစ်ပျက်လာမယ့် အရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကြောက်နေပါတယ်။ သတိပေးမှုအဆင့်ဟာလည်း အလွန်မြင့်နေပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ် အီဗရာဟင်ခရိုက်ရှီက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“အချို့ကတော့ ရာဖာကနေ ထွက်ခွာနေကြပါတယ်။ သူတို့ဟာ သူတို့ရဲ့မိသားစုတွေအတွက် စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့သူတို့ဘယ်နေရာကို သွားရမလဲ။ သူတို့ဟာ မြောက်ပိုင်းကိုလည်း သွားခွင့်မရှိပါဘူး။ ဒီတော့သူတို့ဟာ အလွန်သေးငယ်တဲ့နယ်မြေမှာ ပိတ်မိနေကြပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်သည် ကီလိုမီတာ ၄၀ ခန့်ရှည်လျားပြီး အကျယ်မှာ ငါးကီလိုမီတာမှ ၁၄ ကီလိုမီတာအကြားရှိသောကြောင့် ဂါဇာသည် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်း ဆုံးနေရာတစ်ခုဖြစ်သည်။

ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများနှင့်မြေပြင်ထိုးစစ်တို့ကို ခုနစ်လကြာလုပ်ဆောင်လျက်ရှိစဉ် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်မြောက်ပိုင်းဒေသ များနှင့်အလယ်ပိုင်းဒေသများကိုလည်းကောင်း၊ တောင်ပိုင်းရှိ ခန်းယူနစ်၏အရှေ့ပိုင်းကိုလည်းကောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏အဓိက ရည်မှန်းချက်မှာ ဟားမာ့စ်ကို ချေမှုန်းရန်ဖြစ်သည်ဆိုသော်လည်း အစ္စရေးက ဟားမာ့စ်ကို မည်သို့မည်ပုံ ချေမှုန်းမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။

ရေကြောင်းမှပေးပို့မည့် အကူအညီများအတွက် ဆိပ်ခံတံတားတည်ဆောက်မည့်နေရာကို လာရောက်ကြည့်ရှုသော ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့သည် ယင်းနေရာ တိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၄ ရက်တွင် ကတုတ်ကျင်းထဲတွင် သွားရောက်ခိုလှုံခဲ့ရသည်ဟုပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

၎င်းတို့သည် ကတုတ်ကျင်းထဲတွင် အချိန်အတန်ကြာ ခိုလှုံခဲ့သည်ဆိုသော်လည်း ဒဏ်ရာရသူမရှိဟု ဆိုသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ စစ်ကော်မတီသည် ဟားမာ့စ် နောက်ဆုံးအကြွင်းအကျန်များကို မည်သို့မည်ပုံရှင်းလင်းရမလဲဆိုသည့် ကိစ္စအား ဆွေးနွေးရန် အစည်းအဝေးလုပ်ခဲ့သည်ဟု သိရသည်။ ဟားမာ့စ်တပ်ရင်းများ၏နောက်ဆုံးနေရာသည် ရာဖာနှင့်အခြားနေရာများတွင် ရှိနေသည်ဟု အစ္စရေးအစိုးရပြောခွင့်ရ ဒေးဗစ်မန်ဆာက ပြောကြားခဲ့သည်။ ရာဖာစစ်ဆင်ရေးကိစ္စကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။                                                 

Ref: AFP

Most Read

Most Recent