အမေရိကန်ဆီးနိတ် လူများစုခေါင်းဆောင် ချက်ရှူးမားက အစ္စရေးတွင် ရွေးကောက်ပွဲအသစ်လုပ်ရန် တောင်းဆို

အမေရိကန်ဆီးနိတ် လူများစုခေါင်းဆောင် ချက်ရှူးမားက အစ္စရေးတွင် ရွေးကောက်ပွဲအသစ်လုပ်ရန် တောင်းဆို
မတ် ၆ ရက် သတင်းထောက်များကို ချက်ရှူးမား ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ် (Photo-AFP)
မတ် ၆ ရက် သတင်းထောက်များကို ချက်ရှူးမား ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ် (Photo-AFP)
Published 15 March 2024
Ref:Reuters

အမေရိကန်ဆီးနိတ်လူများစုခေါင်း ဆောင်ချက်ရှူးမားက အစ္စရေးနိုင်ငံတွင် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် မတ် ၁၄ ရက်တွင် တောင်းဆိုလိုက်ပြီး ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုသည် ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်သည်ဟု ပြင်းထန်စွာ ဝေဖန်လိုက်သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်စစ်သွေးကြွများက အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားသည့် စစ်ပွဲသက်တမ်းငါးလကျော်ရှိလာချိန်တွင် နေတန်ယာဟု၏အစိုးရအဖွဲ့သည် အစ္စရေး၏ လိုအပ်ချက်များနှင့် ကိုက်ညီခြင်းမရှိတော့ဟု ဒီမိုကရက်တစ်ဦးဖြစ်သော ချက်ရှူးမားက ဆီးနိတ်ကို ပြောကြားခဲ့သည်။ ရှူးမားသည် အစ္စရေးကို ကာလရှည်ထောက်ခံခဲ့သူဖြစ်ပြီး ရာထူးအမြင့်ဆုံး အမေရိကန်-ဂျူး ရွေးကောက်ခံတာဝန်ရှိသူတစ်ဦးဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ အစ္စရေးဟာ ကိုယ့်ခေါင်းဆောင်တွေကို ရွေးချယ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ ဒါပေမဲ့လည်း အရေးအကြီးဆုံး အရာကတော့ အစ္စရေးပြည်သူတွေကို ရွေးချယ်မှုပေးရမယ်ဆိုတာပဲဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် နောက်ပို်င်းမှာ အစ္စရေးအနာဂတ်နဲ့ပတ်သက်ပြီး ပူပူနွေးနွေးဆွေးနွေးဖို့ လိုအပ်နေပါတယ်” ဟု ရှူးမားက ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်အရတော့ ရွေးကောက်ပွဲလုပ်တာဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နှစ်ပြည်ထောင် ယှဉ်တွဲနေထိုင်ရေးကို ငြင်းပယ်ခြင်းသည် အစ္စရေးအတွက် ကြီးမားသော အမှားဖြစ်လာလိမ့်မည်ဟု ရှူးမားက ပြောကြားခဲ့ပြီး အစ္စရေး-ဟားမာ့စ် ပဋိပက္ခတွင်  ကြားဝင်စေ့စပ်ပေးသူများအနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများလွတ်မြောက်ရေး၊ ဂါဇာကို အကူအညီများ ရောက်ရှိရေး သေချာစေရန် တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်အပါအဝင် ရှူးမားနှင့် အခြားသော ထိပ်တန်းဒီမိုကရက်ခေါင်းဆောင်များသည် ဂါဇာကို အစ္စရေးထိုးစစ်ဆင်နေခြင်းကြောင့် ပါလက်စတိုင်းအရပ်သားများအပေါ် သက်ရောက်မှုများဖြစ်ပေါ် နေခြင်းနှင့်ပတ်သက်၍ အစ္စရေးကို အမေရိကန်၏ခြွင်းချက်မရှိ ထောက်ခံနေသည့်အတွက် ဒီမိုကရက်ပါတီတွင်းမှ ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။

ရှူးမားသည် မိန့်ခွန်းနှင့်ပတ်သက်၍ အိမ်ဖြူတော်ကို ကြိုတင်အသိပေးခဲ့သည်ဆိုသော်လည်း အိမ်ဖြူတော်သည် ယင်းမိန့်ခွန်းကို မည်သည့်နည်းဖြင့်မဆို သဘောတူခြင်း၊ သဘောမတူခြင်း သို့မဟုတ် တည်းဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းမရှိဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

“မိန့်ခွန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ပြောပိုင်ခွင့်ကို ကျွန်တော်တို့အပြည့်အဝ လေးစားပါတယ်။ ဆီးနိတ်ကြမ်းပြင်မှာ သူပြောခဲ့တဲ့ မိန့်ခွန်းအတွက် သူ့ဘာသာ ဆုံးဖြတ်တာကို ကျွန်တော်တို့ အပြည့်အဝ လေးစားပါတယ်” ဟု ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

အစ္စရေးသည် စစ်ပွဲအပြီးတွင် ရွေးကောက်ပွဲ ကျင်းပသင့်သည်ဟု ၀ါရှင်တန်က ယူဆထားပါသလားဟု မေးမြန်းရာတွင် ကာဘီက “ဒါက အစ္စရေးပြည်သူတွေရဲ့သဘောအတိုင်းပါ” ဟု ၎င်းက ဖြေကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လက်တလောတွင် ဖြေကြားပေးရန်မရှိဟု အစ္စရေးဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“အစ္စရေးဟာ ပြည်ပအထောက်အပံ့ကို အားကိုးနေရတဲ့ လူမွဲနိုင်ငံမဟုတ်ပါဘူး။ နေတန်ယာဟုရဲ့ မူဝါဒဟာ ပြည်သူ့ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့်ရရှိထားပါတယ်” ဟု နေတန်ယာဟု၏ လီကွတ်ပါတီက ပြောကြားခဲ့သည်။

“ရှူးမားရဲ့စကားတွေနဲ့ ဆန့်ကျင်နေတာကတော့ အစ္စရေးပြည်သူတွေက ဟားမာ့စ်ကို လုံးလုံးအနိုင်ရဖို့ ထောက်ခံထားပါတယ်” ဟု လီကွတ်ပါတီက ပြောသည်။

Most Read

Most Recent