ဟေတီအသွင် ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီ၏ သြဇာကြီးလူဆိုးဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်

ဟေတီအသွင် ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီ၏ သြဇာကြီးလူဆိုးဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်
ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုသူများကို မတ် ၁၂ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo-AFP)
ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုသူများကို မတ် ၁၂ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo-AFP)
Published 15 March 2024
Ref:Reuters/AFP

ဟေတီမြို့တော် ပို့အော်ပရင့်တွင် ပူပူနွေးနွေးအကြမ်းဖက်မှုများဖြစ်ပွားလာသည့်ကြားထဲ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိစဉ် စီစဉ်ထားပြီးသားဖြစ်သော အသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီသြဇာကြီးလူဆိုး ဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများ ထုတ်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။ ယင်းသို့သောအနေအထားတွင် ကာလရှည်စောင့်ခဲ့ရသော နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ်သည် မရေမရာဖြစ်နေသည်။

အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်တည်း မိမိနုတ်ထွက်မည်ဟု ပြည်သူမကြိုက်သော ဝန်ကြီးချုပ်အေရီရယ်ဟင်နရီက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် မြို့တော် ပို့အော်ပရင့်သည် ကနဦးပိုင်းတွင် ပိုမိုဆိတ်ငြိမ်သွားခဲ့သည်ဆိုသော်လည်း မတ် ၁၃ ရက်တွင် ရပ်ကွက်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခြင်း၊ မတ် ၁၄ ရက် စောစောပိုင်းတွင် ရဲအကယ်ဒမီတိုက်ခိုက်ခံရခြင်းတို့နှင့်အတူ အကြမ်းဖက်မှုတို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ယခုလ ‌အစောပိုင်းတွင် သေနတ်သမားများ၏ လက်ချက်ကြောင့် ထောင်သားများမရှိတော့သည့် ထောင်မကြီးတွင်မီးလောင်ခဲ့သည်။ အဆိုပါထောင်မှ မီးခိုးများထွက်လာသည်ကို တွေ့ရသည်။ မတ် ၁၄ ရက် နေ့ခင်းပိုင်းတွင် မီးငြိမ်းသွားသည်ဟု ထင်ရကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။ ထို့နောက် လက်နက်အပြည့်အစုံပါသောရဲများသည် အပျက်အစီးပုံကြီးဖြစ်နေပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် မည်းနက်နေသော ထောင်ကြီးထဲကို ဝင်ရောက်လာသည်ဟု ဆိုသည်။

ထောင်ထဲတွင် လူများရှိနေသည် သို့မဟုတ် မီးလောင်ရသည့် အကြောင်းအရင်း စသည်တို့နှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက ချက်ချင်းအတည်မပြုနိုင်ဟု ဆိုသည်။

မတ် ၁၄ ရက်တွင် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဖရန့်အယ်ဘီ၏အိမ်သည် မီးရှို့ခံရသည်ဟု ရဲသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုသည်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ ထို့အပြင် ဖရန့်အယ်ဘီ မည်သည့်နေရာကိုရောက်နေသလဲဆိုသည်ကိုလည်း ဖော်ပြခြင်းမရှိခဲ့ပေ။

လူဆိုးဂိုဏ်းများ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသော ပို့အော်ပရင့်တွင် မောင်းပြန်သေတန်ပစ်သံများကို မတ် ၁၃ ရက်ညပိုင်းမှ မတ် ၁၄ ရက် နံနက်လင်းအားကြီးအချိန်ထိ ကြားနေရသည်ဟု ဆိုသည်။

“သေနတ်ပစ်သံတွေကို တစ်ညလုံး ကြားနေရပါတယ်။ ကျွန်တော်ဟာ တစ်မှေးမှ အိပ်မရခဲ့ပါဘူး” ဟု ပို့အော်ပရင့်ဆင်ခြေဖုံးတွင် နေထိုင်သူ ဗီဗိုင်းမစ်ချယ်က ပြောကြားသည်။

ပို့အော်ပရင် မြို့စွန်ရပ်ကွက်များတွင် ခိုးဆိုးရမ်းကားသူများသည် ရဲတပ်ဖွဲ့အကြီးအကဲ၏နေအိမ်ကို မီးရှို့ကာ ပစ္စည်းများကို လုယက်ယူငင်သွားသည်ဟု ရဲသမဂ္ဂက ပြောကြားခဲ့သည်။

လက်နက်ကိုင်အုပ်စုများက တောင်းဆိုခဲ့သည့်အတိုင်း ဝန်ကြီးချုပ် အေရီရယ်ဟင်နရီက နုတ်ထွက်ပေးရန် သဘောတူထားသည့်တိုင် သြဇာကြီးသော လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူးချီရီဇီယာက ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောကြားထားသည်။                              

Most Read

Most Recent