မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ကျည်အစစ်များအသုံးပြုသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ကျည်အစစ်များအသုံးပြုသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့
မတ် ၇ ရက်က မြောက်ကိုရီးယား၏ အမည်မဖော်ပြထားသည့် နေရာတစ်ခုတွင် မြောက်ကိုရီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများကို မှန်ဘီလူးဖြင့် ကြည့်ရှုနေသည့် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo: AFP)
မတ် ၇ ရက်က မြောက်ကိုရီးယား၏ အမည်မဖော်ပြထားသည့် နေရာတစ်ခုတွင် မြောက်ကိုရီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများကို မှန်ဘီလူးဖြင့် ကြည့်ရှုနေသည့် ကင်ဂျုံအွန်ကို တွေ့ရစဉ် (Photo: AFP)
Published 8 March 2024

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် လက်နက်ကြီး ကျည်အစစ်များအသုံးပြုသည့် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ် ၈ ရက်တွင် ဖော်ပြခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုမှုတွင် တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်ကို တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်ဖွဲ့တစ်ဖွဲ့လည်း ပါဝင်သည်ဟု မြောက်ကိုရီးယားက ပြောသည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူအဖြစ်ကြေညာခဲ့ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအေဂျင်စီများနှင့်လည်း အဆက်ဖြတ်ခဲ့ကာ မြောက်ကိုရီးယား၏မြေကို ၀ ဒသမ ၀၀၁ မီလီမီတာမျှပင် ကျူးကျော်ခံရမည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု သတိပေးခဲ့သည်။

မတ်လ ၄ ရက်က အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ နှစ်စဉ်ပြုလုပ်နေကျ နွေဦးရာသီ စစ်ရေးလေ့ကျင့်မှုများကို ယခင်နှစ်ကထက် စစ်သားအင်အားနှစ်ဆမြှင့်တင်ပြီး ပြုလုပ်ခဲ့ပြီးနောက် မြောက် ကိုရီးယား၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မတ် ၇ ရက်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများတွင် ရန်သူ၏မြို့တော်ကို တိုက်ခိုက်နိုင်စွမ်းရှိသည့် နယ်စပ်တပ်ဖွဲ့များပါဝင်သည်ဟု KCNA က ဆိုးလ်မြို့တော်ကို ရည်ညွှန်းပြောဆိုခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် စစ်ပွဲအတွက် အသင့်ရှိအောင် အကောင်းဆုံးပြင်ဆင်ရန်အတွက် တိုက်ခိုက်ရေးစွမ်းရည်များကို အလျင်အမြန်မြှင့်တင်ရန်ရည်ရွယ်လျက် လက်တွေ့ကျသော စစ်ရေးလေ့ကျင့်မှုများကို အရှိန်အဟုန်မြှင့်ကာ မရပ်မနားလုပ်ဆောင်ရမည်ဟု ကင်က စစ်သားများကို တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ရော့ကတ်လောင်ချာများနှင့် ဟောင်ဝဇ္ဇာများပါဝင်သည့် လက်နက်ကြီးကျည်အစစ်များအသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား၏ အနောက်ဘက် နမ်ဖိုဆိပ်ကမ်းမြို့မှ ပင်လယ်ဝါအတွင်းသို့ ဦးတည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ စစ်တပ်ဟာမြောက်ကိုရီးယားရဲ့ ရန်စမှုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန်နဲ့ပြုလုပ်နေတဲ့ Freedom Shield စစ်ရေးလေ့ကျင့်မှုကို ကာကွယ်ရေးသဘောဆောင်တဲ့ ပုံစံနဲ့ ဆက်လက်ပြုလုပ်နေပါတယ်”ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

“မြောက်ကိုရီးယားအနေဖြင့် ရန်စမှုများကို ပြုလုပ်မည်ဆိုပါက မိမိတို့ကလည်း ချက်ချင်းဆိုသလို ပြင်းထန်ပြီး အဆုံးသတ်အထိရောက်ရှိစေမည့် မူဝါဒနှင့်အတူသာလွန်အင်အားဖြင့် တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကာလကြာရှည် ဝေဖန်ရှုတ်ချခဲ့ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွက် ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ထိုကဲ့ သို့သော် စစ်ပွဲအသွင်ဆောင်သည့် စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ရန်တိုက်တွန်းခဲ့သည်။                                Ref: AFP

Most Read

Most Recent