လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများကြောင့် ဟေတီနိုင်ငံသည် ကပ်ဆိုးကျရောက်မှုနှင့် ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြောကြား

လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများကြောင့် ဟေတီနိုင်ငံသည် ကပ်ဆိုးကျရောက်မှုနှင့် ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြောကြား
မတ် ၂၀ ရက်က ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်တွင် ပိတ်ဆို့ထားသည့်လမ်းပေါ်၌ လူများဖြတ်သန်းသွားလာနေစဉ်(Photo: AFP)
မတ် ၂၀ ရက်က ဟေတီနိုင်ငံ ပို့အော်ပရင့်စ်မြို့တော်တွင် ပိတ်ဆို့ထားသည့်လမ်းပေါ်၌ လူများဖြတ်သန်းသွားလာနေစဉ်(Photo: AFP)
Published 29 March 2024

ဟေတီနိုင်ငံတွင် ယခုနှစ်အတွင်း လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၅၀၀ ကျော်သေဆုံးမှုနှင့်အတူ ဟေတီသည် ကပ်ဆိုးကျရောက်မှုနှင့် ရင်ဆိုင်နေရကာ နိုင်ငံအတွင်းသို့ လက်နက်များ အများအပြားဝင်ရောက်နေသည်ဟု ကုလမသဂ္ဂက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများမြင့်တက်မှုသည် တရားဥပဒေစိုးမိုးရေးကို လျော့ပါးစေပြီး နိုင်ငံ့အင်စတီကျူးရှင်းများကို ပြိုလဲလုနီးအခြေအနသို့ ဖြစ်စေကာအကျင့်ပျက်ခြစားမှု၊ အပြစ်ရှိသူများအရေး ယူမခံရမှုနှင့် အုပ်ချုပ်ရေးညံ့ဖျင်းမှုများ ရှိနေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဟေတီသည် ကပ်ဆိုးကျရောက်သည့်အခြေအနေမျိုး ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟေတီတွင် လူဆိုးဂိုဏ်းများက ပူးပေါင်းပြီး တိုက်ခိုက်မှုများစတင်ခဲ့သည့် ဖေဖော်ဝါရီလကုန်ကတည်းက နိုင်ငံအတွင်း အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည်။

လူဆိုးဂိုဏ်းများက ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗန်နယ်မွိုက်စ် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဟေတီနိုင်ငံကို ဦးဆောင်ခဲ့သည့် ဟင်နရီကမူ အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပြီးနောက် ရာထူးမှနှုတ်ထွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်က ပြောကြားခဲ့သည်။

ထိုအချိန်အတော်အတွင်း လူဆိုးဂိုဏ်းများ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဟေတီတွင် လူဆိုုးဂိုဏ်းများ၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၄၅၁ ဦးသေဆုံးကာ ၁၆၆၈ ဦးဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ပထမသုံးလတာကာလအတွင်းမှာပင် လူပေါင်း ၁၅၅၄ ဦးသေဆုံးခဲ့ပြီး ၈၂၆ ဦးဒဏ်ရာရခဲ့သည်ဟု မတ် ၂၂ ရက်အထိရရှိသည့် သတင်းများကိုကိုးကားပြီး ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရပြီး ယောက်ကျားလေးများနှင့် မိန်းကလေးများသည် လူဆိုးဂိုဏ်းများ၏ဂိုဏ်းဝင်အဖြစ် စုဆောင်းခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းတို့ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ထို့ပြင် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသည့်အခြေအနေများ သီတင်းပတ်နှင့်ချီဖြစ်ပွားနေသဖြင့် မရေတွက်နိုင်သည့် ကလေးများသေဆုံးနိုင် ကြောင်း ကုလသမဂ္ဂ၏ ကလေးသူငယ်အေဂျင်စီဖြစ်သည့် UNICEF က မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံအတွင်း ကလေးသူငယ်ပေါင်း ၁၂၅၀၀၀ ကျော်သည် အသက်အန္တရာယ်ရှိစေသည့် အလွန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု UNICEF ၏ အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်းရပ်ဆဲလ်က ပြောကြားခဲ့သည်။

“ဟေတီမှာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေက ကလေးသူငယ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစေပြီး အာဟာရချို့တဲ့မှု အကျပ်အတည်းကို ဖြစ်ပွားစေတာကြောင့် မရေတွက်နိုင်တဲ့ ကလေးငယ်တွေရဲ့ အသက် တွေ ဆုံးရှုံးနိုင်ပါတယ်”ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

“ထောင်နဲ့ချီတဲ့ ကလေးတွေဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေနားမှာ ရှိနေပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်သွားပြီး လမ်းတွေနဲ့ဆေးရုံတွေပြန်ဖွင့်မယ်ဆိုရင် အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ အသင့်ပါပဲ”ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent