တောင်တရုတ်ပင်လယ်တွင် ရန်လိုသည့်လုပ်ရပ်များနှင့်ပတ်သက်ပြီး တရုတ်က ဖိလစ်ပိုင်ကို သတိပေး

တောင်တရုတ်ပင်လယ်တွင် ရန်လိုသည့်လုပ်ရပ်များနှင့်ပတ်သက်ပြီး တရုတ်က ဖိလစ်ပိုင်ကို သတိပေး
မတ် ၂၃ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘော BRP Cabra (ယာ-ဒုတိယ) ကို တရုတ်ကမ်းခြေစောင့်သင်္ဘောနှင့် ရေကြောင်းလုံခြုံရေးတပ်ဖွဲ့သင်္ဘောများက ၀ိုင်းပတ်ထားစဉ်(Photo:AFP)
မတ် ၂၃ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘော BRP Cabra (ယာ-ဒုတိယ) ကို တရုတ်ကမ်းခြေစောင့်သင်္ဘောနှင့် ရေကြောင်းလုံခြုံရေးတပ်ဖွဲ့သင်္ဘောများက ၀ိုင်းပတ်ထားစဉ်(Photo:AFP)
Published 24 March 2024

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်များတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ပင်လယ်ရေ ကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် မတ် ၂၄ ရက်တွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဖိလစ်ပိုင်ကို ရန်လိုသည့်လုပ်ရပ်များနှင့်ပတ်သက်ပြီး ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။

“အခြေအနေကို တင်းမာမှုမြင့်တက်စေပြီး ပဋိပက္ခတွေကို ပြင်းထန်လာစေနိုင်တဲ့ ဘယ်လိုမှတ်ချက်မျိုးကိုမဆို ပြောနေတာတွေကို ရပ်တန့်ဖို့နဲ့ ရန်လိုပြီး ထိပါးတဲ့ လုပ်ရပ်တွေ အားလုံးကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကိုသတိပေးပါ တယ်”ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထို့ပြင်ဖိလစ်ပိုင်အနေဖြင့် တရုတ်၏ အဓိကကျသည့် အကြောင်းရင်းကို ထပ်တလဲလဲ စိန်ခေါ်နေမည်ဆိုပါက တရုတ်သည် မိမိ၏ အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ခိုင်မာတိကျသည့် စီမံချက်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မတ် ၂၃ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်ကမ်းလွန်ရှိ သန္တာကျောက်တန်းတစ်ခုအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင် ထောက်ပို့သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးကာ ဟန့်တားခဲ့သည်ဟု ဖိလစ်ပိုင်က စွပ်စွဲပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်ရှိ Secong Thomas သောင်ခုံနှင့်မလှမ်းမကမ်းတွင် တစ်နာရီနီးပါးကြာမြင့်သည့် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

အဖြူရောင်သင်္ဘောတစ်စင်းက ၎င်းနှင့် ဘေးချင်းယှဉ်လျက် ခုတ်မောင်းလာသည့် သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့် အဆက်မပြတ်ထိုးခဲ့သည့် ဗီဒီယိုကလစ်များကို ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ဗီဒီယိုကလစ်တစ်ခု၌ အဖြူရောင်သင်္ဘောနှစ်စင်းက ၎င်းသင်္ဘောကို မီးသတ်ပိုက်ဖြင့် ပြိုင်တူထိုးနေပုံကို ပြသထားသည်။

နောက်ထပ် ဗီဒီယိုကလစ်တစ်ခုတွင် တရုတ်ကမ်းခြေစောင့်တပ်ဟူသော တံဆိပ်ပါရှိသည့် အဖြူရောင်သင်္ဘောတစ်စင်းသည် Unaizah May 4 ဟုအမည်ရသော ဖိလစ်ပိုင် ထောက်ပို့သင်္ဘောဟု အတည်ပြုထားသည့် မီးခိုးရောင်သင်္ဘောတစ်စင်း၏ ဦးပိုင်းအနီးမှ ဖြတ်သန်းသွားပုံကို ပြသထားသည်။

ဖိလစ်ပိုင်ထောက်ပို့သင်္ဘော Unaizah May 4 သည် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်အချို့ တပ်ချထားသည့် Ayungin သောင်ခုံသို့ ထွက်ခွာစဉ် မတ် ၂၃ ရက် နံနက်ပိုင်းက ယင်းဗီဒီယိုများကို ရိုက်ကူးထားခြင်းဖြစ်သည်။

“အဲဒီထောက်ပို့သင်္ဘောဟာ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတွေရဲ့ မီးသတ်ပိုက်နဲ့ အဆက်မပြတ်ထိုးခြင်းကို ခံခဲ့ရတာကြောင့် အကြီးစားထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်” ဟု ဖိလစ်ပိုင်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မည်သည့်အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရမှု ရှိ မရှိကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ်ကမ်းခြေစောင့်တပ် ပြောခွင့်ရ ကန်ယွီက ဖိလစ်ပိုင်ရေယာဉ်စုသည် အကြိမ်ကြိမ် သတိပေးနေသည့်ကြားမှ ၎င်းနေရာသိို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် တရုတ်က ဥပဒေနှင့်အညီ ထိန်းချုပ်ဟန့်တားကာ နှင်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

                                         Ref:Reuters/AFP

Most Read

Most Recent