ဂါဇာကမ်းမြောင်၌ ဖြစ်ပွားနေသောစစ်ပွဲ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ဖိအားပေးရန် အမေရိကန်နို်င်ငံခြားရေးဝန်ကြီ်း အစ္စရေးကို ရောက်ရှိလာ

ဂါဇာကမ်းမြောင်၌ ဖြစ်ပွားနေသောစစ်ပွဲ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ဖိအားပေးရန် အမေရိကန်နို်င်ငံခြားရေးဝန်ကြီ်း အစ္စရေးကို ရောက်ရှိလာ
ကိုင်ရိုမြို့၌ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်နေသော ဘလင်ကင်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ကိုင်ရိုမြို့၌ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်နေသော ဘလင်ကင်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 22 March 2024

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တို နီဘလင်ကင်သည် ဂါဇာစစ်ပွဲချက်ချင်းအပစ် အခတ်ရပ်စဲရေးကို တောင်းဆိုထားသော အမေရိကန်တင်သွင်းသည့်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲမခွဲမီဂါဇာ၌ အပစ်အခတ်ရပ်စဲရေးကို ဖိအားပေးရန် မတ် ၂၂ ရက်တွင် အစ္စရေးနိုင်ငံကို ရောက်ရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဂါဇာကမ်းမြောင်၌ ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့် ဆက်စပ်နေသည့် ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့ပြီး ယင်းမူကြမ်းကို မတ် ၂၂ ရက်တွင် လုံခြုံရေးကောင်စီ၌ မဲခွဲမည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ဂါဇာ၌ ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ယခင်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

ဘလင်ကင်သည် မတ် ၂၀ ရက်တွင် ဆော်ဒီအာရေဗျ နိုင်ငံကိုရောက်ရှိသွားပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသားဖိုင်ဆယ်လ်ဖာဟန်၊ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်တို့နှင့် တွေ့ဆုံခဲ့သည်။ ဘလင်ကင်သည် မတ် ၂၁ ရက်တွင် အီဂျစ်နိုင်ငံကို ရောက်ရှိသွားခဲ့သည်။ ဘလင်ကင်သည် အစ္စရေးကိုသွားမည်မဟုတ်ဟု အစောပိုင်းတွင် သတင်းထွက်ခဲ့သော်လည်း ယခုအခါအစ္စရေးနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။ ဘလင်ကင်၏ ယခုခရီးစဉ်သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနှင့်ဟား မာ့စ်တို့ စစ်ပွဲဖြစ်ပွားကတည်းက အရှေ့အလယ်ပိုင်း သို့လာသည့် ဆဌမအကြိမ်မြောက်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ယခုသီတင်းပတ်ထဲတွင် ဂါဇာ၌ဖြစ်ပွားနေသော တိုက်ပွဲသည် ဂါဇာကမ်းမြောင်၌ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံ၏အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ဂါဇာတောင်ပိုင်းတွင် လူများပြည့် ကျပ်နေသော ရာဖာ၌ မြေပြင်ထိုးစစ်အသစ်ကို လုပ်ဆောင်သွားမည်ဟု အစ္စရေးကပြောကြားထားသည်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲသည် သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၊ အီဂျစ်၊ ကာတာတို့ကစေ့စပ်ဆွေးနွေးသူများနှင့် အပစ်ရပ်စဲရေး ဆွေးနွေးမှုများ ထပ်မံလုပ် ဆောင်ရန် မတ် ၂၂ ရက်တွင် ကာတာကို ပြန်သွားလိမ့်မည်ဟု အစ္စရေးက ထုတ်ပြန်ခဲ့သည်။

“ကွာဟချက်တွေကတော့ နည်းလာပါပြီ”ဟု မတ် ၂၁ ရက်တွင် ဘလင်ကင်က ကိုင်ရိုမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပြီး  ဒိုဟာဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိစေရန် အမေရိကန်က တွန်းတွန်းတိုက်တိုက်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြော ကြားခဲ့သည်။

“သဘောတူညီမှုရဖို့ ခက်ခဲတယ်ဆိုပေမဲ့ သဘောတူညီချက်ရဖို့ အလားအလာရှိနေတယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရာဖာ၌ အစ္စရေး၏မြေပြင်စစ်ဆင်ရေးသည် အမှားဖြစ်လိမ့်မည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။ ဂါဇာတောင်ဘက်ဖျားရှိ ရာဖာမြို့သည် အီဂျစ်နယ်စပ်အနီးတွင် တည်ရှိသောမြို့ဖြစ်ကာ ယင်းမြို့တွင် ဂါဇာ ပြည်သူ ၁ ဒသမ ၅ သန်း ဝန်းကျင် ပိတ်မိနေသည်ဟု ဆိုသည်။                        

Ref: AFP

 

Most Read

Most Recent