အစ္စရေးနှင့် ဟားမာ့စ်တို့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီမူကြမ်းအား အမေရိကန်က တင်သွင်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား

အစ္စရေးနှင့် ဟားမာ့စ်တို့ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီမူကြမ်းအား အမေရိကန်က တင်သွင်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား
အစ္စရေးနှင့် ဂါဇာနယ်စပ်၌ နေရာယူထားသည့် အစ္စရေးတင့်ကားကို မတ် ၁၉ ရက်တွင် တွေ့ရစဉ် (Photo:AFP)
အစ္စရေးနှင့် ဂါဇာနယ်စပ်၌ နေရာယူထားသည့် အစ္စရေးတင့်ကားကို မတ် ၁၉ ရက်တွင် တွေ့ရစဉ် (Photo:AFP)
Published 21 March 2024

အမေရိကန်ပြည်ထောင်စုသည် ဂါဇာကမ်းမြောင်၌ ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့် ဆက်စပ်နေသည့် ချက်ချင်း အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းထားသည်ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

“ဓားစာခံတွေ ပြန်လွှတ်ပေးရေးကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အပစ်ရပ်စဲရေးကို တောင်းဆိုတာမျိုးမလုပ်မီ အခုလောလောဆယ် ကျွန်တော်တို့ တင်ပြမယ့် ဆုံးဖြတ်ချက်တစ်ရပ်ရှိ ထားပါတယ်။ နိုင်ငံတွေက အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

“ဒါဟာ ခိုင်ခိုင်မာမာ အသိပေးတာ၊ ခိုင်ခိုင်မာမာ အချက်ပြတာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”ဟု မတ် ၂၀ ရက်တွင် ဘလင်ကင်က ဆော်ဒီအာရေဗျ သတင်းဌာနအယ်လ်ဟာဒတ်ကို ပြောကြားခဲ့သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲ ကိစ္စဆွေးနွေးရန် ဘလင်ကင်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ဂါဇာ၌ ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ယခင်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

“ကျွန်တော်တို့ဟာ အစ္စရေးရဲ့ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်နဲ့ပတ်သက်လို့ အစ္စရေးနဲ့အတူ ရပ်တည်နေတာဖြစ်တယ် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အန္တရာယ်ကျရောက်နေတဲ့ အရပ်သားတွေ၊ ဆိုးဆိုးရွားရွား ထိခိုက်နေကြတဲ့သူတွေအတွက်လည်း လုပ်ပေးကြရမှာဖြစ်ပါတယ်။  သူတို့ကို ဦးစားပေးရမှာဖြစ်ပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်ပါ တယ်။ သူတို့ဆီကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်သွားအောင်လုပ်ပေးရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ဘလင်ကင်သည် မတ် ၂၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိသွားပြီး နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်လ်ဖာဟန်၊ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်တို့နှင့် တွေ့ဆုံခဲ့သည်။ ဘလင်ကင်သည် မတ် ၂၁ ရက်တွင် အီဂျစ်နိုင်ငံကို ရောက်ရှိသွားခဲ့သည်။ ဘလင်ကင်သည် အစ္စရေးကို သွားမည်မဟုတ်ဟု အစောပိုင်းတွင် သတင်းထွက်ခဲ့သော်လည်း ယခုအခါ အစ္စရေးကိုလည်း သွားမည်ဟု သိရသည်။

ဘလင်ကင်၏ ယခုခရီးစဉ်သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနှင့်ဟားမာ့စ်တို့ စစ်ပွဲဖြစ်ပွားကတည်းက အရှေ့အလယ်ပိုင်းသို့လာသည့် ဆဌမအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

ဘလင်ကင် အရှေ့အလယ်ပိုင်းကို ရောက်ရှိနေချိန်တွင် ကာတာနိုင်ငံ၌လည်း ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။ စေ့စပ်ဆွေးနွေးသူများသည် မတ် ၂၀ ရက် တွင် ကာတာ၌ တတိယမြောက်နေ့အဖြစ် ဆွေးနွေးခဲ့ကြသည်ဆိုသော်လည်း အစ္စရေးနှင့်ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးအတွက်  သဘောတူညီမှု ရရှိမည့် အလားအလာအနည်းငယ်ကိုသာ မြင်တွေ့ရသည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက ထုတ်ဖော်ပြောကြားခဲ့သည်။                                                            Ref:AFP

Most Read

Most Recent