ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် စစ်မြေပြင်၌ အခက်အခဲများကြုံနေရသော ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီ အမြန်ဆုံးပေးမည်ဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား

ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် စစ်မြေပြင်၌ အခက်အခဲများကြုံနေရသော ယူကရိန်းအတွက် အမေရိကန်က စစ်ရေးအကူအညီ အမြန်ဆုံးပေးမည်ဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား
ရုရှားတိုက်ခိုက်မှုကြောင့် ပြိုလဲပျက်စီးသွားသော ခါကိဗ် ရုပ်မြင်သံကြားတာဝါတိုင်ကို ဧပြီ ၂၂ ရက်တွင် တွေ့ရစဉ် (Photo-AFP)
ရုရှားတိုက်ခိုက်မှုကြောင့် ပြိုလဲပျက်စီးသွားသော ခါကိဗ် ရုပ်မြင်သံကြားတာဝါတိုင်ကို ဧပြီ ၂၂ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 23 April 2024
Ref:AFP

အချိန်အတော်ကြာ နှောင့်နှေးနေသော စစ်ရေးအကူအညီ ဘီလျံပေါင်းများစွာကို ယူကရိန်းသို့ လျင်မြန်စွာပေးပို့သွားမည်ဟု ဧပြီ ၂၂ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပေးခဲ့သည်။

ယူကရိန်းသည် ရုရှား၏ထိုးစစ်အသစ်များကို ကြုံနေရသည့်အပြင် ယူကရိန်းစစ်သားများသည် ပိုမိုဆိုးရွားလာသော ဖိအားများကို ရင်ဆိုင်နေရသည်ဟု အမေရိကန်ထိပ်တန်းတာဝန်ရှိသူက သတိပေးပြောကြားခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က ယူကရိန်းထံ စစ်ရေးအကူအညီများ လျင်မြန်စွာပို့ပေးမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၆၁ ဘီလျံကို လမ်းဖွင့်ပေးလိုက်သည့်အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ဘိုုင်ဒင်ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဖုန်းဆက်စကားပြောရာတွင် ဇယ်လန်းစကီးက သမ္မတဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ခါကိဗ်ရုပ်မြင်သံကြားတာဝါ တိုင်ပြိုလဲသွားသည့်ကိစ္စကိုလည်း ဇယ်လန်းစကီးက ပြောခဲ့သည်ဟု သိရသည်။

ရီပတ်ဘလီကင်လွှမ်းမိုးထားသော အမေရိကန်အောက်လွှတ်တော်က ယူကရိန်းအကူအညီကို လချီပိတ်ဆို့ခဲ့သည်။ ထို့နောက် အောက်လွှတ်တော်က ယူကရိန်းအကူအညီများကို အတည်ပြုပေးလိုက်ပြီးနောက် နှစ်ရက်အကြာတွင် သမ္မတနှစ်ဦး ဖုန်းဆက်စကားပြောခဲ့ခြင်းဖြစ်သည်။ ဒီမိုကရက်တစ်အမတ်များ ထိန်းချုပ်ထားသော အမေရိကန် ဆီးနိတ်သည် ယူကရိန်းအကူအညီကို ဧပြီ ၂၃ ရက် တွင် မဲခွဲအတည်ပြုရန်ရှိနေသည်။ ဆီးနိတ်ကအတည်ပြုသည်နှင့်တစ်ပြိုင်တည်း ယူကရိန်းကို အကူအညီပေးမည့် ဥပဒေကြမ်းအား သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် အတည်ပြုပေးမည်ဖြစ်သည်။

ရုရှားကျူးကျော်မှုမှ လွတ်မြောက်အောင်ခုခံကာကွယ်နေရသည့် ယူကရိန်းကို အမေရိကန်က အမြဲတမ်း ကူညီသွားမည်ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်း၏အလောတကြီးလိုအပ်နေသော စစ်မြေပြင်လိုအပ်ချက်များကိုလည်းကောင်း၊ လေကြောင်းကာကွယ်ရေး စနစ်လိုအပ်ချက်များကိုလည်းကောင်း ဖြည့်ဆည်းပေးရန် အမေရိကန်က စစ်ရေးအကူအညီများကိုလျင် မြန်စွာပံ့ပိုးပေးမည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယူကရိန်းကို မမှိတ်မသုန် ထောက်ခံသည့်အတွက် အမေရိကန်သမ္မတကို ကျေးဇူးတင်ကြောင်း ဇယ်လန်းစကီးက ပို့စ်တင်ခဲ့သည်။

နောက်ထပ်ပို့ပေးမည့် လက်နက်များသည် အင်အားကြီးမားမည်ဖြစ်ကာ ယူကရိန်း၏ တာဝေးပစ်စွမ်းရည်များကို ကောင်းမွန်စေမည့်အပြင် ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးကို ခိုင်မာတောင့်တင်းအောင် လုပ်ဆောင်ပေးမည်ဟု ဂျိုးဘိုင်ဒင်က ၎င်းကို ပြောခဲ့ကြောင်း ယူကရိန်းသမ္မတက ဖော်ပြခဲ့သည်။

အမေရိကန်သည် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံများနှင် ၁၀ နှစ်သက်တမ်းရှိ လုံခြုံရေးသဘောတူညီချက်များကို သဘောတူခဲ့ပြီးနောက် လုံခြုံရေးသဘောတူညီချက်ကို အမေရိကန်နှင့် ယူကရိန်းတို့ စတင်ပြီဟု ဧပြီ ၂၂ ရက်တွင်ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။                                                                               

Most Read

Most Recent