ယူကရိန်းအား မည်သည့်အချိန်တွင် စစ်ရေးအကူအညီများ ပေးနိုင်မည်ဆိုခြင်းကို မခန့်မှန်းနိုင်သေးကြောင်း အမေရိကန် ထိပ်သီးအရာရှိတစ်ဦး ပြောကြား

ယူကရိန်းအား မည်သည့်အချိန်တွင် စစ်ရေးအကူအညီများ ပေးနိုင်မည်ဆိုခြင်းကို မခန့်မှန်းနိုင်သေးကြောင်း အမေရိကန် ထိပ်သီးအရာရှိတစ်ဦး ပြောကြား
မတ် ၂၀ ရက်က ကိယက်ဗ်မြို့တော်တွင် ဆူလေဗန် (ဝဲ) က ယာမက်နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AFP)
မတ် ၂၀ ရက်က ကိယက်ဗ်မြို့တော်တွင် ဆူလေဗန် (ဝဲ) က ယာမက်နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AFP)
Published 21 March 2024

ယူကရိန်းအတွက် အကူအညီပေးမည့် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီများသည် လွှတ်တော်တွင် အတည်မပြုနိုင်သေးဘဲ ရပ်တန့်နေမှုနှင့်အတူ အမေရိကန်အစိုးရအနေနှင့် ယူကရိန်းအတွက် ထို အကူအညီများကို မည်သည့်အချိန်တွင် ပေးနိုင်လိမ့်မည်ဆိုခြင်းကို မခန့်မှန်းနိုင်သေးကြောင်း အိမ်ဖြူတော် ထိပ်သီးအရာရှိတစ်ဦးက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကတည်းက ထိုစစ်ရေး အကူအညီများသည် လွှတ်တော်တွင် မတိုးသာမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းစစ်သားများသည် လက်နက်ခဲယမ်းပြတ် လပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“ဒါက တော်တော်ကြာနေပါပြီ။ ဒါကိုလည်း ခင်ဗျားတို့ သိပါတယ်”ဟု အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ ဝန်ထမ်းချုပ် အန်ဒီရီ ယာမက်နှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီအကူအညီနဲ့ ပတ်သက်ပြီး ကျွန်တော်  တိတိကျကျ ခန့်မှန်းနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အဲဒီအကူအညီတွေ အမြန်ဆုံး ဖြစ်မြောက်လာစေဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိတော့ အသေးစိတ် မပြောနိုင်သေးပါဘူး” ဟု ဆူလေဗန်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်အနေနှင့် ထိုစစ်ရေးအကူအညီများကို တစ်ချိန်ချိိန်တွင် လွှတ်တော်က အတည်ပြုလိမ့်မည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ဒီအကူအညီတွေဖြစ်လာလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယူကရိန်းကို အကူအညီပေးသွားမှာပါ”ဟု ဆူလေဗန်က ပြောသည်။

ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်များ ဦးဆောင်သည့် အောက်လွှတ်တော် ကိုယ်စားလှယ်များသည် ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီများကို အတည်မပြုဘဲ ပိတ်ဆို့ထားသည်။

အမေရိကန်၏ တောင်ပိုင်းနယ်စပ်ဒေသကို စီမံခန့်ခွဲရန် သမ္မတ ဂျိုးဘိုင်ဒင်၏ ချဉ်းကပ်ဆောင်ရွက်မှုအပေါ် သမ္မတဟောင်း ဒေါ်နယ်ထရန့်က ဖိအားပေးနေချိန်တွင် လွှတ်တော်က ဘိုင်ဒင်အစိုးရ၏ ယူကရိန်း အကူအညီကို ပိတ်ဆို့ထားခြင်းဖြစ်သည်။

အမေရိကန်ကမူ မကြာသေးမီက ယူကရိန်းကို ထောက်ပ့ံပေးခဲ့သည့် ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ စစ်ရေးအကူအညီသည် သီတင်းပတ်အနည်းငယ်သာခံခဲ့ကြောင်း သတိပေးထားသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာကလည်း ယူကရိန်းအတွက် စစ်ရေး အကူအညီများနှင့်ပတ်သက်ပြီး သေချာမပြောနိုင်သေးကြောင်း မတ် ၁၉ ရက်က ပြောကြားခဲ့သည်။

“ဒီစစ်ရေးအကူအညီနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်က ဆုံးဖြတ်ချက်မချ ရသေးတာဟာ ကျွန်တော်တို့ကို အံ့သြစေပါတယ်”ဟု ကူလီဘာက ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် မတ် ၁၈ ရက်က အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်လည်း ယူကရိန်းအတွက် စစ်ရေး အကူအညီများပေးအပ်မည့် အစီအစဉ်ကို အမေရိကန်လွှတ်တော်၏ လျင်မြန်မှုရှိသည့် ဆုံးဖြတ်ချက်သည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။                     Ref:AFP

Most Read

Most Recent