လူဆိုးဂိုဏ်းများ သောင်းကျန်းနေသော ဟေတီတွင် နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကို အရေးတကြီးလုပ်ဆောင်ရန် အမေရိကန်က ဟေတီဝန်ကြီးချုပ်ကို တိုက်တွန်း

လူဆိုးဂိုဏ်းများ သောင်းကျန်းနေသော ဟေတီတွင် နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကို အရေးတကြီးလုပ်ဆောင်ရန် အမေရိကန်က ဟေတီဝန်ကြီးချုပ်ကို တိုက်တွန်း
ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နုတ်ထွက်ပေးရန် တောင်းဆိုနေသူများကို မတ် ၇ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo: AP)
ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နုတ်ထွက်ပေးရန် တောင်းဆိုနေသူများကို မတ် ၇ ရက်တွင် ပို့အော်ပရင့်၌ တွေ့ရစဉ် (Photo: AP)
Published 8 March 2024

ပရမ်းပတာဖြစ်နေသော လူဆိုးဂိုဏ်းအကြမ်းဖက်မှုများ ဟေတီတွင် ဖြစ်ပွားနေသောကြောင့် မတ် ၇ ရက်တွင် ဟေတီ၏ ပင်မဆိပ်ကမ်းကိုပိတ်လိုက်ရပြီး အဝေးရောက်နေသော ဝန်ကြီးချုပ်အနေဖြင့် အရေးပေါ် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ရန် အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

ဟေတီအစိုးရသည် နိုင်ငံအနောက်ပိုင်းတွင် အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းကို သက်တမ်းတစ်လတိုးခဲ့သည်။ ဟေတီမြို့တော်ပို့အော်ပရင့်သည် နိုင်ငံ၏အနောက်ပိုင်းတွင် တည်ရှိသည်။

ပို့အော်ပရင့် အကျဉ်းထောင်ကြီးကို လူဆိုးဂိုဏ်းများက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ဟေတီအစိုးရအဖွဲ့က မတ် ၃ ရက်တွင် အရေးပေါ်အခြေအနေကို လည်းကောင်း၊ ညမထွက်ရအမိန့်ကိုလည်းကောင်း ကြေညာခဲ့သည်။

မတ် ၂ ရက် ညပိုင်းမှ မတ် ၃ ရက် နံနက်ပိုင်းအထိ လူဆိုးဂိုဏ်းသားများက ပို့အော်ပရင့်စ်ရှိ အမျိုးသားအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့သောကြောင့် လူတစ်ဒါဇင်ခန့် သေဆုံးသွားသည်ဟု အေအက်ဖ်ပီက ဖော်ပြခဲ့သည်။

ပို့အော်ပရင့်ရှိ ဆိပ်ကမ်းကိုတစ်ဦးတည်း လုပ်ကိုင်နေသော ကာရီဘီယံဆိပ်ကမ်းလုပ်ငန်းသည် အဖျက်အမှောက်လုပ်ရပ်များကြောင့်လည်းကောင်း၊ လက်သရမ်းဖျက်ဆီးမှုများကြောင့်လည်းကောင်း ဆိပ်ကမ်းရှိဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီနှင့် စကားပြောဆိုခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က အရေးပေါ် နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘလင်ကင်ကအသွင်ကူးပြောင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်ဟု ဟင်နရီကို ပြောကြားခဲ့ပြီး အားလုံးပါဝင်သော အစိုးရအဖွဲ့သို့ပြောင်းလဲရန် ပြောကြားခဲ့သည်ဟု အနောက်ကမ္ဘာခြမ်းအတွက် အမေရိကန်သံတမန် ဘရိုင်ယန်နီကိုးလ်က ပြော ကြားခဲ့သည်။

နိုင်ငံရေးအင်အားစု အများအပြားပါဝင်သည့် အားလုံံးပါဝင်သော အစိုးရဖွဲ့စည်းရန်  လိုအပ်ပုံကို ဘလင်ကင်က ပြောကြားခဲ့သည်။

လူဆိုးဂိုဏ်းများသည် ဘက်စ်ပူဒီချို့ရှိရုံးချုပ်ကို မီးရှို့ခြင်းဖြင့် မတ် ၆ ရက်ညပိုင်းတွင် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားခဲ့သည်။ ရဲများသည်ရဲကားများပျက်စီးသွားခဲ့သော တိုက်ခိုက်မှုမတိုင်မီ လွတ်မြောက်သွားခဲ့သည်ဟု ဟေတီရဲသမဂ္ဂဆိုင်နာပိုဟာက ပြောကြားခဲ့သည်။

ဟေတီအစိုးရအဖွဲ့သည် အားနည်းသော အစိုးရအဖွဲ့ဖြစ်သည်။ ထို့ကြောင့် ပြန်ပေးဆွဲခြင်းနှင့် အခြားပြင်းထန်ရာဇဝတ်မှုများပေါများသော နိုင်ငံဖြစ်နေသည်။ ထို့အပြင် ဟေတီလူဆိုးဂိုဏ်းများသည် ဟေတီရဲ တပ်ဖွဲ့ထက်လက်နက်များ ပိုကောင်းနေသည်။

ဝန်ကြီးချုပ် ဟင်နရီသည် ဟေတီ၌ ကုလသမဂ္ဂကျောထောက်နောက်ခံပြု တရားဥပဒေစိုးမိုးရေးတာဝန်များကို ဦးဆောင်မည့် အရှေ့အာဖရိကနိုင်ငံ ကင်ညာမှ ရဲတပ်ဖွဲ့များကို ဟေတီတွင် ချထားရေးကိစ္စအတွက် သဘောတူညီချက်လက်မှတ်ရေးထိုးရန် လွန်ခဲ့သော သီတင်းပတ်တွင် ကင်ညာနိုင်ငံကို ရောက်ရှိနေခဲ့သည်။              

Ref: AFP

Most Read

Most Recent