လက်ဘနွန်ကိုအစ္စရေးတိုက်ခိုက်မှူများကြောင့် ဟစ်ဇဘိုလာစစ်ဒေသမှူးအပါအဝင် သုံးဦးသေဆုံး

လက်ဘနွန်ကိုအစ္စရေးတိုက်ခိုက်မှူများကြောင့် ဟစ်ဇဘိုလာစစ်ဒေသမှူးအပါအဝင် သုံးဦးသေဆုံး
Photo:Reuters
Photo:Reuters
Published 17 April 2024

ဧပြီ ၁၆ ရက်က လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဟစ်ဇဘိုလာ စစ်ဒေသမှူးအပါအဝင် သုံးဦးသေဆုံးသွားခဲ့သည်ဟု လက်ဘနွန် သတင်းအရင်းအမြစ်များက‌ ပြောကြားခဲ့ပြီး ခြောက်လကျော်လာပြီဖြစ်သော ဂါဇာစစ်ပွဲတွင် အနည်းဆုံး သီတင်းတစ်ပတ်ကြာ တည်ငြိမ်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

တောင်ပိုင်းမြို့အိန်းအက်ဘဲလ်အနီးတွင် ကားတစ်စီး တိုက်ခိုက်ခံရစဉ် အစ္စမေးလ်ဘက်စ် သေဆုံးသွားသည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။ 

အစ္စမေးလ်ဘက်စ်သည် ကမ်းရိုးတန်းစစ်‌ဒေသမှူးဖြစ်ပြီး အစ္စရေးကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခြင်း၊ တင့်ကားဖျက် ဒုံးကျည်တို့ဖြင့်တိုက်ခိုက်ခြင်းတို့လုပ်ဆောင်ရာတွင်ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်ဟု ဆိုသည်။ ဘက်စ်သေဆုံးသွားသည့်အတွက် ဝမ်းနည်းကြောင်း ဟစ်ဇဘိုလာက ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း ဟစ်ဇဘိုလာအဖွဲ့၌ ၎င်းတာဝန်ယူထားသော အခန်းကဏ္ဍကို ဖော်ပြခဲ့ခြင်းမရှိပေ။

တောင်ပိုင်းမြို့ ချီဟာဘီယာအနီး၌ ကားနှစ်စီးကို အစ္စရေးက သီးခြားတိုက်ခိုက်ခဲ့ရာတွင် အနည်းဆုံး ဟစ်ဇဘိုလာ အဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့သည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုကလည်းကောင်း၊ မြို့ပြကာကွယ်ရေးဝာဝန်ရှိသူတစ်ဦးကလည်းကောင်းပြောကြားခဲ့သည်။

ဟစ်ဇဘိုလာနှင့်အစ္စရေးတို့သည် ၂၀၀၆ တွင် စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂါဇာစစ်ပွဲနှင့်အပြိုင် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားကာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။ယင်းတိုက်ပွဲများကြောင့် ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမား ၂၄၀ ကျော်နှင့် အရပ်သား ၆၈ ဦးအပါအဝင် အနည်းဆုံး လက်ဘနွန်နိုင်ငံသား ၃၇၀ သေဆုံးခဲ့သည်ဟု ရိုက်တာကကောက်ယူထားသော မှတ်တမ်းများအရသိရပြီး ဒေသတွင်းရန်သူချင်း နောက်ထပ် တင်းမာမှုမြင့်တက်လာနိုင်သည့်အနေအထားအတွက် စိုးရိမ်ပူပန်မှုများ တိုးလာခဲ့သည်။

လက်ဘနွန်နှင့်အစ္စရေးတို့ အပြန်အလှန်ပစ်ခတ်ခြင်းကြောင့်အစ္စရေးတွင်လည်း စစ်သားများနှင့်အရပ်သားများအပါအဝင် ၁၈ ဦး သေဆုံးခဲ့သည်။

Ref:Reuters

 

Most Read

Most Recent