တောင်ကိုရီးယား၌ ဆရာဝန်များ၏ သပိတ်မှောက်မှုကို ထောက်ခံသည့်အနေဖြင့် အကြီးတန်းဆရာဝန်များ အလုပ်မှနုတ်ထွက်မည်

တောင်ကိုရီးယား၌ ဆရာဝန်များ၏ သပိတ်မှောက်မှုကို ထောက်ခံသည့်အနေဖြင့် အကြီးတန်းဆရာဝန်များ အလုပ်မှနုတ်ထွက်မည်
မတ်လ ၃ ရက်က ဆိုးလ်မြို့တွင် အစိုးရ၏ဆေးကျောင်းသားဦးရေ တိုးမြှင့်ခေါ်ယူမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြနေသည့် တောင်ကိုရီးယားဆရာဝန်များကို တွေ့ရစဉ်(Photo: AFP)
မတ်လ ၃ ရက်က ဆိုးလ်မြို့တွင် အစိုးရ၏ဆေးကျောင်းသားဦးရေ တိုးမြှင့်ခေါ်ယူမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြနေသည့် တောင်ကိုရီးယားဆရာဝန်များကို တွေ့ရစဉ်(Photo: AFP)
Published 16 March 2024

အစိုးရ၏ ဆေးပညာနယ်ပယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် တစ်လနီးပါး သပိတ်မှောက်ဆန္ဒပြနေသည့် အငယ်တန်းဆရာဝန်များကို ထောက်ခံသည့်အနေဖြင့် မတ်လ ၂၅ ရက်မှစ၍ အလုပ်မှနုတ်ထွက်မည်ဟု တောင်ကိုရီးယား အကြီးတန်းဆရာဝန် အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

လာမည့်နှစ်မှစတင်၍ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ကျောင်းသားဦးရေတိုးမြှင့် ခေါ်ယူမည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ သည့်အနေဖြင့်ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သောင်းနှင့်ချီသည့် အငယ်တန်းဆရာ ဝန်များသည် အလုပ်မလာဘဲ သပိတ်မှောက်ခဲ့သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ဝရုန်းသုန်းကား ဖြစ်စေခဲ့သည်။

ယင်းသို့ဆန္ဒပြမှုသည် လစာနည်းပြီး မနိုင်မနင်းအလုပ်လုပ်နေရသည့် အငယ်တန်း ဆရာဝန်များအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သည်ဟု ဆရာဝန်များက ဆိုသည်။

အစိုးရက ၎င်းတို့ကို အလုပ်ပြန်ဝင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ယင်းသို့လုပ်ဆောင်ခြင်းမရှိလျှင် ဥပဒေအရအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း သပိတ်မှောက်ဆရာဝန်ဦးရေသည် ပို၍ပင်တိုးလာခဲ့သည်။

 သို့ဖြစ်ရာ အဓိကဆေးရုံများတွင် ခွဲစိတ်ကုသမှုများကို ဖျက်သိမ်းခြင်း၊ လူနာများကြာမြင့်စွာ စောင့်ဆိုင်းရခြင်းနှင့် ဆေးကုသမှုများနှောင့်နှေးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ အာဏာပိုင်များသည် စစ်ဆရာဝန်များကိုပါ စုရုံးဆင့်ခေါ်ထားရပြီး အရန်ရန်ပုံငွေ ဒေါ်လာသန်းချီ လျာထားခဲ့သည်။

သို့သော် အကြီးတန်းဆရာဝန်နှင့် သူနာပြုအင်အား တိုးမြှင့်ထားပြီး စစ်ဆရာဝန်များကိုလည်း အကူအညီပေးရန် စေလွှတ်ထားသည့်အတွက် ယခုအချိန်ထိ ဆေးဘက်ဆိုင်ရာ အကျပ်အတည်းနှင့် လုံးလုံးလျားလျားရင် ဆိုင်ရခြင်း မရှိသေးကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ဆိုသည်။

အထွေထွေဆေးရုံများတွင် အလုပ်လုပ်နေသည့် အကြီးတန်းဆရာဝန်များလည်းဖြစ်သည့် တက္ကသိုလ်ပေါင်း ၂၀ မှ ဆေးပညာရှင်များ၏ ကိုယ်စားလှယ်များသည် မတ်လ ၁၅ ရက်နှောင်းပိုင်းက အစည်းအဝေးတစ်ရပ်ပြု လုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် တက္ကသိုလ် ၁၆ ခုမှ ဆရာဝန်များသည် အငယ်တန်းဆရာဝန်များကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း ၎င်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဘန်ဂျယ်ဆွန်းက သတင်းထောက်များကို ပြောကြားခဲ့ သည်။

တက္ကသိုလ်တစ်ခုစီမှ ပါမောက္ခများသည် မတ်လ ၂၅ ရက်မှစ၍ ၎င်းတို့ဆန္ဒအလျောက် နုတ်ထွက်စာတင်မည်ဖြစ်ကြောင်းလည်း ဘန်က ပြောကြားသည်။

သို့သော် နုတ်ထွက်စာတင်မှုကို အပြီးသတ်မလုပ်ဆောင်မီအချိန်အထိ ၎င်းတို့၏ သက်ဆိုင်ရာ ရာထူးဌာနများတွင် လူနာများအား ဆေးဝါးကုသမှုများကို အကောင်းဆုံးလုပ်ဆောင်ပေးရန် သဘောတူညီခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော် မတ်လ ၂၅ ရက်တွင် အလုပ်မလာဘဲ သပိတ်မှောက်ဆန္ဒပြမည့် ပါမောက္ခ ဦးရေကိုမူ ၎င်းက အတိအကျပြောဆိုခဲ့ခြင်း မရှိပေ။

ယင်းပြုပြင်ပြောင်းလဲမှုသည် ဆရာဝန်အင်အား လိုအပ်ချက်ကို ဖြေရှင်းရန်နှင့် အသက်ကြီးရင့်သူဦးရေ တိုးလာသည့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်ကြောင်း အစိုးရက အခိုင်အမာပြောဆိုထား သည်။ ဆရာဝန်များကမူ ယင်းအစီအစဉ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးကို ထိခိုက်စေနိုင်သည်ဟုပြော ဆိုထားသည်။

သပိတ်မှောက် ဆန္ဒပြနေသည့် အငယ်တန်းဆရာဝန် ၄,၉၀၀ အား ဆေးကုသခွင့် လိုင်စင်ဆိုင်းငံ့သည့် အရေးယူမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက မတ်လ ၁၁ ရက်တွင် ပြော ကြားခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲမှုများကို မမှိတ်မသုန် အကောင်အထည်ဖော်မည်ဟုလည်း  အစိုးရက ဆိုသည်။

Ref: AFP

Most Read

Most Recent