ရာမဒန် ဥပုသ်လတွင် အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆူဒန်နိုင်ငံကို တိုက်တွန်း

ရာမဒန် ဥပုသ်လတွင် အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆူဒန်နိုင်ငံကို တိုက်တွန်း
မတ် ၃ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်းဂီဒါရက်ဖ်မြို့တွင် ဆူဒန်အရံတပ်ဖွဲ့ (RSF) ကိုထောက်ခံသည့် လက်နက်ကိုင်များ ကင်းလှည့်နေစဉ်(Photo: AFP)
မတ် ၃ ရက်က ဆူဒန်နိုင်ငံ အရှေ့ပိုင်းဂီဒါရက်ဖ်မြို့တွင် ဆူဒန်အရံတပ်ဖွဲ့ (RSF) ကိုထောက်ခံသည့် လက်နက်ကိုင်များ ကင်းလှည့်နေစဉ်(Photo: AFP)
Published 9 March 2024

မွတ်ဆလင်တို့၏ ရာမဒန်ဥပုသ်လတွင်  အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆူဒန်နိုင်ငံကို မတ် ၈ ရက်တွင် တိုက်တွန်းခဲ့သည်။

“ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံးကို ဆွေးနွေးမှုများမှတစ်ဆင့် ပဋိပက္ခကို ရေရည်တည်တံ့သည့် ဆုံးဖြတ်တစ်ခု ရာဖွေရန်”ဟု အမည်ပေးထားသည့် ဗြိတိန်၏အဆိုပြုချက်ကို လုံခြုံရေေးကာင်စီ၏ အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့ပြီး ရုရှားကမူမဲမပေးဘဲလက်ရှောင်ခဲ့သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်ကတည်းက စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ် ဘာဟန်နှင့် အရံတပ်ဖွဲ့(RSF)အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန်ဒါဂလိုတို့အကြား အားပြိုင် မှုမှတစ်ဆင့်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများကြောင့် လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး လူပေါင်းသန်းချီ အိမ်ပစ်ရာ ပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ခဲ့ရသည့် အဆိုပြုချက်စာသားတွင် ဆူဒန်၌ မွတ်ဆလင်ဘာသာဝင်တို့၏ ရာမဒန်ကာလမတိုင်မီ အပစ်အခတ်ရပ်စဲမှုကို ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုထားသည်။

စစ်ဖြစ်နေသည့် အွဲ့များအနေဖြင့်လည်း နယ်စပ်ဒေသများနှင့် ရှေ့တန်းစစ်မျက်နှာပြင်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခွင့်ပေးရန်လည်း တောင်းဆိုထားသည်။

ကုလသမဂ္ဂဆိုင်ရာ ဆူဒန်သံအမတ်ကလည်း ထိုအဆိုပြုချက်ကို ကြိုဆိုခဲ့သော်လည်း RSF တပ်ဖွဲ့များက အရပ်သားများနေထိုင်သည့် နေရာများတွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက အပစ်အခတ် ရပ်စဲမှုကိုမည်ကဲ့သို့ အကောင်အထည်ဖော်မည်နည်းဆိုသည့်အပေါ် မေးခွန်းထုတ်ခဲ့သည်။

မတ် ၇ ရက်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆူဒန်နိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အားလုံးအနေဖြင့် ရာမဒန်ဥပုသ်လ၏တန်ဖိုးကို အလေးအမြတ်ပြုရန်နှင့် ရန်လိုမှုများကို ရပ်စဲရန် တိုက်တွန်းခဲ့သည်။

“စစ်ပြုတာတွေကို ရပ်နားလိုက်တာဟာ ဆူဒန်နိုင်ငံတစ်ဝန်း သေနတ်သံတွေ တိတ်သွားတာမျိုး ဖြစ်စေရပါမယ်။ ပြီးတော့ ဆူဒန်ပြည်သူတွေအတွက် ရေရှည်ငြိမ်းချမ်းရေးကို ဦးတည်တဲ့လမ်းတစ်ခုကို ဖောက်ရမှာဖြစ်ပါ တယ်”ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် ဆူဒန်၌လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းသည် အလွန်ကြီးမားကြောင်း ဂူတာရက်စ်က သတိပေးခဲ့သည်။

ဗြိတိန်က ၎င်း၏ အဆိုပြုချက်ကို ထင်ဟပ်စေသည့် ဆုံးဖြတ်ချက်တစ်ခုရရှိရန် ကြိုးပမ်းနေကြောင်း ကြေညာခဲ့သည်။

ရုရှားကမူ ဂါဇာဒေသတွင် အစ္စရေး- ဟားမာ့စ်အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်တလဲလဲပယ်ချခဲ့သဖြင့် ဗြိတိန်၏ အစီအစဉ်သည် ကြောင်သူတော်ယောင်ဆောင်ခြင်းဖြစ် သည်ဟု ပြောကြားခဲ့သည်။

ဆူဒန်တွင် အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများသည် လိုအပ်နေကြောင်း ကုလသ မဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ဆူဒန်စစ်ပွဲကြောင့် လူပေါင်း ၈ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁ ဒသမ ၇ သန်းမှာ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။                          

Ref: AFP

Most Read

Most Recent