မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လောင်စာတောင့်သုံး ဒုံးအင်ဂျင်အမျိုးအစားသစ် စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လောင်စာတောင့်သုံး ဒုံးအင်ဂျင်အမျိုးအစားသစ် စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲ
မတ် ၁၈ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်သည့်နေရာသို့ ရောက်ရှိလာသည့် ကင်ဂျုံအွန် (လယ်) အား တွေ့ရစဉ်(Photo:AFP)
မတ် ၁၈ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတစ်ခုတွင် ဒုံးကျည်စမ်းသပ် ပစ်လွှတ်သည့်နေရာသို့ ရောက်ရှိလာသည့် ကင်ဂျုံအွန် (လယ်) အား တွေ့ရစဉ်(Photo:AFP)
Published 20 March 2024

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံး ကျည်အမျိုးအစားသစ်အတွက် လောင်စာတောင့်သုံး ဒုံးအင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်မှုနိုင်ခဲ့မှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု  မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးအင်ဂျင်စမ်းသပ်မှုကို မတ် ၁၉ ရက်က နိုင်ငံအနောက်မြောက်ဘက် ဆိုဟေး ဂြိုဟ်တုလွှတ်တင်ရေးစခန်းရှိ ဒုံးကျည် အုပ်ချုပ်ရေးဌာနတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

“တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည် အမျိုးအစားသစ်အတွက် လောင်စာတောင့်သုံး ဒုံးအင်ဂျင်စမ်းသပ်မှုဟာ နောက်ထပ် မဟာဗျူဟာမြောက် တန်ဖိုးတစ်ခုဖြစ်ပါတယ်”ဟု KCNA က ဖော်ပြခဲ့သည်။

ထိုလက်နက်စနစ်၏ စစ်ရေးအရ မဟာဗျူဟာ တန်ဖိုးသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကဲ့သို့ အရေးကြီးကြောင်း ကင်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

အဆိုပါဒုံးအင်ဂျင်စမ်းသပ်မှုသည် ဒုံးကျည်ညုစနစ်အသစ်များကို ထုတ်လုပ်မှုအတွက် အထောက်အကူရကြောင်း ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်ကလည်း တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်များအတွက် လောင်စာတောင့်သုံး ဒုံးအင်ဂျင်အသစ်ကို မြေပြင်စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဟိုက်ပါဆိုးနစ်ဒုံးကျည်များသည် အသံထက် ၅ ဆခန့် ပိုမိုလျင်မြန်ပြီး ရေဒါဖြင့် ထောက်လှမ်းခြင်း၊ ကြားဖြတ်ပစ်ချခြင်းတို့ ပြုလုပ်ရန် ခက်ခဲသည့် ဒုံးကျည်အမျိုးအစားဖြစ်သည်။

ထိုဒုံးကျည်များ၏ ဒီဇိုင်းအပေါ်မူတည်ပြီး သမားရိုးကျ ဒုံးကျည်ထိပ်ဖူးနှင့် နျူကလီးယား ဒုံးကျည်ထိပ်ဖူးများကို တပ်ဆင်အသုံးပြုနိုင်သည်။

တောင်ကိုရီးယား၏မြို့တော်ကို ပစ်မှတ်ထား တိုက်ခိုက်သည့်အသွင် ပုံဖော်ထားသည့် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော အကြီးစား အတွဲလိုက် ဒုံးပစ်လောင်ချာများအား စမ်းသပ်မှုကို ကင်က ကြီးကြပ်ခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခု ဒုံးအင်ဂျင်စမ်းသပ်ကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးစား ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြစ်သည့် Freedom Shield ဟုအမည်ရသည့် နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုကို အပြီး သတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒေါသတကြီး အပြစ်တင်ခဲ့ပြီး ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများ တန်ပြန်ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်ဟုဆိုကာ စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယားက သတိပေးထား သည်။

ဆွေးနွေးမှုများပြုလုပ်ရန် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ရောက်ရှိနေစဉ် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။        Ref:AFP

Most Read

Most Recent