လူ ၁၃၇ ဦးသေဆုံးခဲ့သည့် မော်စကို ဖျော်ဖြေရေးခန်းမထဲ လူအများအပြား အသတ်ခံရသည့်ဖြစ်စဉ်တွင် ယူကရိန်း ပါဝင်ပတ်သက်ခြင်းမရှိဟု အိမ်ဖြူတော် ပြောကြား

လူ ၁၃၇ ဦးသေဆုံးခဲ့သည့် မော်စကို ဖျော်ဖြေရေးခန်းမထဲ လူအများအပြား အသတ်ခံရသည့်ဖြစ်စဉ်တွင် ယူကရိန်း ပါဝင်ပတ်သက်ခြင်းမရှိဟု အိမ်ဖြူတော် ပြောကြား
တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူတစ်ဦးကို ရဲကခေါ်ဆောင်လာပုံအား မတ် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ယူဆရသူတစ်ဦးကို ရဲကခေါ်ဆောင်လာပုံအား မတ် ၂၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 25 March 2024

လူ ၁၃၀ ကျော်သေဆုံးခဲ့ရသည့် မော်စကိုဖျော်ဖြေရေးခန်းမထဲ လူအစုလိုက်အပြုံလိုက် အသတ်ခံရသည့်ဖြစ်စဉ်တွင်ယူကရိန်း မည်သို့မျှ ပါဝင်ပတ်သက်ခြင်းမရှိဟုမတ် ၂၄ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ယူကရိန်းနှင့်ဆက်နွှယ်နေပုံရသည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီးနောက် ယူကရိန်းပါဝင်ပတ်သက်မှုမရှိဟု အိမ်ဖြူတော်က ပြောကြားခြင်းဖြစ်သည်။

“အခုတိုက်ခိုက်မှုအတွက် အိုင်အက်စ်ကပဲ တာဝန်ရှိနေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်း ပါဝင်ပတ်သက်နေတာမျိုးမရှိပါဘူး”ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရအမျိုးသမီး အက်ဒရီယမ်ဝပ်ဆင်က ပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်ကလည်း ယူကရိန်း ပါဝင်ပတ်သက်နေသည်ဟူသော အထောက်အထားမရှိဟု ABC သတင်းဌာန၏ This Week အစီအစဉ်တွင် ပြောကြားခဲ့ပြီး ယင်းအစီအစဉ်ကို မတ် ၂၄ ရက်တွင် ထုတ်လွှင့်ပေးခဲ့သည်။

“ဖြစ်ပျက်ခဲ့တာတွေအတွက် ဘာပဲဖြစ်ဖြစ် အိုင်အက်စ်-ကေမှာပဲ တကယ်တာဝန်ရှိနေတာဖြစ်ပါတယ်”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

“ကေ”သည် ခါရာဆန်ကို ရည်ညွှန်းခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့က  အိုင်အက်စ်အဖွဲ့ခွဲဖြစ်ကာ ယခုတိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု ပြောကြားထားသော အဖွဲ့ဖြစ်သည်။

ပုံဖျက်ထားသော သေနတ်သမားများသည် မတ် ၂၂ ရက် ညနေပိုင်းတွင် မော်စကိုမြောက်ပိုင်း ဆင်ခြေဖုံး ခရက် စနို ဂေါ်ဆစ်ရှိ ခရိုးကပ်စ်မြို့တော်ခန်းမကို စီးနင်းဝင်ရောက်လာခဲ့ပြီး ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၁၃၇ ဦးသေဆုံးခဲ့သည်။

အစ္စလာမ်ကို တိုက်ခိုက်နေသော နိုင်ငံများအား စစ်ပွဲဆင်နွှဲသည့်အစိတ်အပိုင်းအဖြစ် စက်သေနတ်များ၊ ပစ္စတိုများ၊ ဓားများ၊ မီးလောင်ဗုံးများ ပါလာသော အိုင်အက်စ် တိုက်ခိုက်ရေးသမားလေးဦးက တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု မတ် ၂၃ ရက်တွင် အိုင်အက်စ်အုပ်စုက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

သေနတ်သမားများကပစ်ခတ်နေသည့် တစ်မိနစ်ခွဲကြာ ဗီဒီယိုကို အိုင်အက်စ်က အသုံးပြုလေ့ရှိသော ဆိုရှယ်မီဒီယာ အကောင့်များတွင် ပို့စ်တင်ထားကြောင်း SITE intelligence အုပ်စု၏ထုတ်ပြန်ချက်အရ သိရ သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိက ပွဲခန်းမတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထုတ်ပြီး အပြစ်ပေးသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သံသယရှိသူ သေနတ်သမားလေးဦးစလုံးကို  ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ပူတင်၏ ပြောစကားများ ထွက်ပေါ်လာခြင်းဖြစ်သည်ဆိုသော်လည်း တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသော အချက်ကို ပူတင်က ပြောကြားခဲ့ခြင်းမရှိပေ။

ယူကရိန်းသို့ထွက်ပြေးရန်ကြိုးစားသော သေနတ်သမားလေးဦးကို ဖမ်းဆီးထားသည်ဟု ပူတင်က ပြောကြားခဲ့သည်။ တိုက်ခိုက်မှုနှင့်ဆက်စပ်ခြင်းမရှိကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။                         

Ref: AFP

Most Read

Most Recent