နှစ်နိုင်ငံအကြား ကာလကြာရှည်တင်းမာခဲ့သည့် ဆက်ဆံရေးကို ပြန်လည်တည်ငြိမ်စေရန် လုပ်ဆောင်မည်ဟု တရုတ်နှင့် သြစတြေးလျ ပြောကြား

နှစ်နိုင်ငံအကြား ကာလကြာရှည်တင်းမာခဲ့သည့် ဆက်ဆံရေးကို ပြန်လည်တည်ငြိမ်စေရန် လုပ်ဆောင်မည်ဟု တရုတ်နှင့် သြစတြေးလျ ပြောကြား
မတ် ၂၀ ရက်က သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်(ယာ) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
မတ် ၂၀ ရက်က သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်(ယာ) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
Published 20 March 2024

တရုတ်နှင့် သြစတြေးလျအကြား ကုန်သွယ်ရေး၊ ဟောင်ကောင်တွင် တရုတ်၏ ဖိနှိပ်မှုတို့အပါအဝင် အကြောင်းအရာအချို့တွင် တင်းမာမှုများရှိနေသည့်တိုင် မတ် ၂၀ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ကင်ဘာရာတွင် သြစတြေးလျခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကာလကြာရှည်တင်းမာနေသည့် ဆက်ဆံရေးကို ပြန်လည်တည်ငြိမ်စေရန် လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ကိုဗစ်ကပ်ရောဂါ၏ ဇာစ်မြစ်ရှာဖွေမှုမှအစ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများအထိ နယ်ပယ်ကဏ္ဍအသီးသီးတွင် သံတမန်ရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

မကြာသေးမီက အားထုတ်ကြိုးပမ်းမှုများသည် အေးစက်နေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်နွေးထွေးစေရန် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန်နှင့် ဆက်ဆံရေးများကို အရှိန်အဟုန်ကောင်းစေခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

“မတူကွဲပြားမှုတွေ ဘေးချိတ်ထားပြီး နှစ်နိုင်ငံ အဆင်ပြေစေမယ့် အခြေအနေတစ်ခုကို ရှာဖွေဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ်နှင့် သြစတြေးလျသည် နှစ်ပေါင်းများစွာကြာ ကုန်သွယ်ရေးတားမြစ် ကန့်သတ်ချက်များကို အပြန်အလှန်လုပ်ဆောင်ခဲ့ပြီးနောက် ယိုယွင်းနေသည့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က အချိန်တိုအတွင်း တိုးတက်မှု အများအပြားရှိခဲ့မှုကို အသိအမှတ်ပြုရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် သြစတြေးလျအကြား ဆက်ဆံရေးတည်ငြိမ်အောင် လုပ်ဆောင်မှုကို ချီးမွမ်းခဲ့သည့်တိုင် ဝေါင်က နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုအချို့ကို ထောက်ပြပြောဆိုခဲ့သည်။

“ကျွန်မတို့တွေ ဒေါက်တာ ယန်းဟန်ဂျွန်အပေါ် ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်မှုအပေါ် သြစတြေးလျနိုင်ငံက အံ့သြတုန်လှုပ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်” ဟု ဝေါင်က ဆိုသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တရားရုံးတစ်ရုံးက တရုတ်-သြစတြေးလျနှစ်နိုင်ငံသားခံယူထားသည့် စာရေးဆရာ ယန်းကို သူလျှိုလုပ်မှုဖြင့် ဖေဖော်ဝါရီလတွင် သေဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ယန်းကမူ ၎င်းအပေါ်စွဲဆိုထားသည့် စွဲချက်များကို ငြင်းဆိုထားသည်။

“ဒါ့အပြင် ရှင်ကျန်း၊ တိဘက်နဲ့ ဟောင်ကောင်အပါအဝင် လူ့အခွင့်အရေးကိစ္စတွေ နဲ့ပတ်သက်ပြီး သြစတြေးလျရဲ့ စိုးရိမ်မှုတွေကိုလည်း ကျွန်မ ပြောခဲ့ပါတယ်”ဟု ဝေါင်က ထပ်လောင်းပြောကြားခဲ့သည်။

ဟောင်ကောင်တွင် မတ် ၁၉ ရက်က အမျိုးသားလုံခြုံရေးဥပဒေသစ်ကို လွှတ်တော်က အတည်ပြုခဲ့ပြီး ထိုဥပဒေသစ်တွင် နိုင်ငံတော်သစ္စာဖောက်မှု၊ သူလျှိုလုပ်မှု၊ ပြည်ပ၏ ကြားဝင်စွက်ဖက်မှု၊ နိုင်ငံတော် လျှို့ဝှက်ချက်များနှင့် အစိုးရဆန့်ကျင်မှုများ လွှမ်းခြုံဖော်ပြထားသည်။

ထိုဥပဒေအတည်ပြုမှုနှင့်ပတ်သက်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့က ဟောင်ကောင်အာဏာပိုင်းများကို ဝေဖန်သည့် အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။                                Ref:AFP

Most Read

Most Recent