ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် ညီညီညွတ်ညွတ်ရှိကြရန် ပြည်သူများကို  အင်ဒိုနီးရှားရွေးကောက်ခံသမ္မတ ပရာဘိုဝို တိုက်တွန်း

ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် ညီညီညွတ်ညွတ်ရှိကြရန် ပြည်သူများကို  အင်ဒိုနီးရှားရွေးကောက်ခံသမ္မတ ပရာဘိုဝို တိုက်တွန်း
မတ်လ ၂၀ ရက်က ဂျာကာတာမြို့ရှိနေအိမ်တွင် အောင်ပွဲခံမိန့်ခွန်း ပြောကြားနေသည့် အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘို၀ို ဆူဘီယန်တိုကို တွေ့ရစဉ် (Photo:AFP)
မတ်လ ၂၀ ရက်က ဂျာကာတာမြို့ရှိနေအိမ်တွင် အောင်ပွဲခံမိန့်ခွန်း ပြောကြားနေသည့် အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘို၀ို ဆူဘီယန်တိုကို တွေ့ရစဉ် (Photo:AFP)
Published 21 March 2024

ပြီးခဲ့သည့်လက ကျင်းပသည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ရခဲ့သည့် တရားဝင် မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် လက်ရှိကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် သမ္မတဖြစ်လာမည်ဟု ကတိပြုခဲ့ပြီး ညီညီညွတ်ညွတ်ရှိကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

၎င်း၏ပြိုင်ဘက် သမ္မတလောင်းများကမူ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ကန့်ကွက်သွားမည်ဟု ပြောဆိုထားသည်။

အင်ဒိုနီးရှား အထူးတပ်ဖွဲ့၏ တပ်မှူးဟောင်းနှင့် လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုသည် ဖေဖော်ဝါရီ ၁၄ ရက် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ပြီး ပြိုင်ဘက်သမ္မတ လောင်းများကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။

ယခုရွေးကောက်ပွဲတွင် ပရာဘိုဝိုသည် အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ် ဘာစ်ဝီဒန်တို့နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

၇၂ နှစ်အရွယ် ပရာဘိုဝိုက ဂျာကာတာ မြို့တောင်ပိုင်းရှိ ၎င်း၏နေအိမ်တွင် စုဝေးရောက်ရှိနေသည့် မဲဆန္ဒရှင်များနှင့် စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းနှင့် ရွေးကောက်ပွဲသည် ချောချောမွေ့မွေ့နှင့် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“စိန်ခေါ်မှုတွေ တစ်ပုံတစ်ပင်ကြီး ရှိနေတာကြောင့် အနာဂတ်အတွက် ရှေးရှုပြင်ဆင်မှုတွေကို တညီတညွတ်တည်း လုပ်ဆောင်ဖို့ အင်ဒိုနီးရှား ပြည်သူအားလုံးကို တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှင့် မတရားမှုများကို တိုက်ဖျက်သွားမည် ဟု ကတိပြုခဲ့သည်။

 ဂျိုကိုဝီဟု လူသိများသည့် ရာထူးမှထွက်ခွာတော့မည့် လူကြိုက်များသော သမ္မတဂျို ကိုဝီဒိုဒိုကိုလည်း ၎င်းက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိသမ္မတ ဝီဒိုဒိုသည် ရွေးကောက်ပွဲအား ဝင်ရောက်စွက်ဖက်ခဲ့ပြီး ပရာဘိုဝိုအပေါ် မျက်နှာသာပေးမှုများရှိခဲ့သည်ဟု စွပ်စွဲခံနေရသည်။ ဝီဒိုဒို၏ အငယ်ဆုံးသားဖြစ်သူ ဂျီဘရန် ရာကာဘူမင် ရာကာသည် ပရာဘိုဝို၏ ဒုသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

သမ္မတဝီဒိုဒို၏ စီးပွားရေးမူဝါဒများကို လမ်းညွှန်သဖွယ် ဆက်လက်ကျင့်သုံးမည်ဟု ပရာဘိုဝိုက မတ်လ ၂၀ ရက်တွင် ထပ်လောင်း ကတိပြုခဲ့သည်။ ဝီဒိုဒို၏ စီးပွားရေးမူဝါဒများသည် အင်ဒိုနီးရှား၏ အခြေခံအဆောက်အအုံ ကဏ္ဍကို အဆင့်မြှင့်တင်ခြင်း၊ ကြိုးနီစနစ်ကို  လျှော့ချခြင်းနှင့် ဒေါ်လာထရီလျံချီရှိသည့် ဂျီ-၂၀ အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို ဆောင်ကြဉ်းပေးခဲ့သည်။ ပရာဘိုဝိုသည် ယခုနှစ် အောက်တိုဘာလတွင် လက်ရှိသမ္မတ ဝီဒိုဒိုထံမှ အာဏာလွှဲပြောင်းယူဖွယ်ရှိသည်။

ပရာဘိုဝိုသည် ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ဝီဒိုဒိုကို အရေးနိမ့်ခဲ့သည်။ လက်ရှိတွင် ပရာဘိုဝိုနှင့် ဝီဒိုဒို၏ မဟာမိတ်ဖွဲ့မှုသည် လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် အုပ်ချုပ်မှုမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ သည့် အင်ဒိုနီးရှားတွင် အရှင်မွေးစားသည့် နိုင်ငံရေးစနစ် တစ်ကျော့ပြန်လာမည်ကို စိုး ရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။      Ref:AFP

Most Read

Most Recent