ဖိလစ်ပိုင်သည် ပင်လယ်ရေကြောင်းအငြင်းပွားမှုများ၏ ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသည်ဟု သမ္မတမားကို့စ် ပြောကြား

ဖိလစ်ပိုင်သည် ပင်လယ်ရေကြောင်းအငြင်းပွားမှုများ၏ ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသည်ဟု သမ္မတမားကို့စ် ပြောကြား
ဖေဖော်ဝါရီ ၂၉ ရက်က ကင်ဘာရာမြို့ရှိ သြစတြေးလျအစိုးရအိမ်တော်၌ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးနေသည့် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၂၉ ရက်က ကင်ဘာရာမြို့ရှိ သြစတြေးလျအစိုးရအိမ်တော်၌ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးနေသည့် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကို တွေ့ရစဉ် (Photo:AFP)
Published 29 February 2024

ဒေသတွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ရာတွင် ဖိလစ်ပိုင်သည် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဖေဖော်ဝါရီ ၂၉ ရက်တွင် သြစတြေးလျ လွှတ်တော်၌  ပြောကြားခဲ့သည်။

မားကို့စ်သည် တရုတ်နှင့် ဖြစ်ပွားနေသည့် ပင်လယ်ရေကြောင်း အငြင်းပွားမှုများတွင် ထောက်ခံမှုရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။

ဖိလစ်ပိုင်ကမ်းလွန်၌ တရုတ်စစ်သင်္ဘောများကို တွေ့ရှိခဲ့ပြီးနောက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်း တိုးတက်ဖြစ်ထွန်းမှုများကို ခြိမ်းခြောက်နေသည့် လုပ်ရပ်များကို တန်ပြန်ရာ တွင် ဖိလစ်ပိုင်သည် ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသည်ဟု သမ္မတမားကို့စ်က သြစတြေးလျ လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

၎င်းအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို အခိုင်အမာ ဆက်လက်ကာကွယ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ ပိုင်နယ်မြေကို ပြည်ပအင်အားကြီးနိုင်ငံတွေက ထိပါးဖို့ကြိုးပမ်းမှုမှန်သမျှကို လုံးဝလက်သင့်ခံမှာမဟုတ်ပါဘူး”ဟု မားကို့စ်က ပြောကြားခဲ့ရာ လက်ခုပ်သြဘာသံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့သည်။

စကားဘရို သောင်ခုံတစ်ဝိုက်တွင် တရုတ်ရေတပ် သင်္ဘောများကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။

တရုတ်က ၎င်းသောင်ခုံ အပါအဝင် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုထားပြီး ဒေသတွင်းနိုင်ငံများ၏ ကန့်ကွက်မှုများနှင့်သည် ဟိဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်တို့ကို လျစ်လျူရှုခဲ့သည်။

တရုတ်သည် စကားဘရိုသောင်ခုံဆီသို့ ဖိလစ်ပိုင်က ဝင်ရောက်မလာနိုင်အောင် တားဆီးရန်အတွက် ယင်းသောင်ခုံတစ်ဝိုက်တွင် ကမ်းခြေစောင့်တပ် သင်္ဘောများနှင့် အခြားသင်္ဘောများကို ကာလကြာမြင့်စွာ ဖြန့်ကြက်ခဲ့သည်။

ယင်းသို့ စစ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်းသည် နောက်ထပ်စိုးရိမ်စရာကောင်းသည့် အခြေအနေတစ်ရပ် ဖြစ်သည်ဟု မားကို့စ်က ပြောကြားထားသည်။

တောင်တရုတ်ပင်လယ်သည် နိုင်ငံအများအပြားအတွက် မဟာဗျူဟာအရ အရေးပါနေပြီး လောင်စာဆီ၊ စားသောက်ကုန်နှင့် မရှိမဖြစ်လိုအပ်သည့် အခြားကုန်ပစ္စည်းများ ကုန်သွယ်မှုပြုလုပ်နေသည့် အဓိကကျသော ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော် ရှိသည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်စမှုဟု ရှုမြင်ထားသောလုပ်ရပ်များကို တန်ပြန်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများကလည်း အမေရိကန်ဒေါ်လာ ၃၆ ဘီလျံအထိ အလုံးအရင်း အသုံးပြုမည့် ကာကွယ်ရေးအသုံးစရိတ် အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် ရေငုပ်သင်္ဘောများ ဝယ်ယူမည်ဟု ယခုနှစ်ထဲတွင် ကြေညာထားသည်။ ထို့အတူ ဖိလစ်ပိုင်သည် အမေရိကန်နှင့် ပူးတွဲကင်းလှည့်မှုများကိုလည်း လုပ်ဆောင်ခဲ့သည်။     

Ref:AFP

 

Most Read

Most Recent